Pages

Pages - Menu

Friday, September 12, 2014

ဘရူနိုင်းသို့ အလုပ်သမား တရားမဝင် စေလွှတ်သူ အမျိုးသမီးကို ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေဖြင့် အရေးယူမည်

RangonNewsDaily:: September . 12 .2014
ပြည်ပအလုပ်အကိုင်ဆိုင်ရာ အကျိုးဆောင်လိုင်စင် မရှိဘဲ ဘရူနိုင်းနိုင်ငံသို့ အလုပ်သမားငါးဦးကို တရားမဝင် စေလွှတ်ခဲ့သူ အသက် ၃၈ နှစ် အရွယ်ရှိ အမျိုးသမီးကို ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။
အဆိုပါ တရားမဝင် အလုပ်သမားငါးဦး စေလွှတ်ခဲ့သူမှာ သာကေတမြို့နယ်၊ အမှတ် (၁၃) ရပ်ကွက်၊ ပိတောက်လမ်းရှိ သန်လျင်တံတား အိမ်ရာဝင်းတွင် နေထိုင်သူ အသက် ၃၈ နှစ်အရွယ်ရှိ အမျိုးသမီး ဖြစ်ပြီး ၎င်းမှာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလက ချောက်မြို့နယ်ရှိ ကျေးရွာများတွင် နေထိုင်သော အသက် ၂၀ မှ ၃၀ ကြားရှိ အမျိုးသားငါးဦးကို ဘရူနိုင်းနိုင်ငံသို့ တရားမဝင် ပို့ဆောင်ခဲ့သောကြောင့် စသုံးလုံးမှ တရားလိုပြုကာ ၎င်းကို အမှုဖွင့် တိုင်ကြားခဲ့ကြောင်း စက်တင်ဘာလ ၉ ရက်နေ့က သာကေတ မြို့နယ်တွင် ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

“အညာဘက်က အမျိုးသား ငါးယောက်ကို အကျိုးဆောင်ခ တစ်ယောက် ၁၅ သိန်းယူပြီး ဘရူနိုင်းနိုင်ငံကို အလည်ဗီဇာနဲ့ ပို့ခဲ့တာ၊ ဟိုရောက်တော့ အလုပ်လုပ်ခွင့် ဗီဇာမပါလို့ ဘရူနိုင်းနိုင်ငံဘက်က မြန်မာသံရုံးနဲ့ ချိတ်ဆက်ပြီး ပြန်ပို့ခဲ့တာ။ ဒီရောက်မှ အမှုဖွင့်လို့ လိမ်လည် ပို့ဆောင်ခဲ့သူကို ဖမ်းဆီး စစ်ဆေးနေပါတယ်” ဟု သာကေတမြို့နယ် အမှတ် (၂) ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။


၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လကုန်အထိ လူကုန်ကူးမှု ၇၂ မှု ဖြစ်ပွားခဲ့ရာမှ လူကုန်ကူး ခံရဦးရေ ၁၅၃ ဦးထိ ရှိခဲ့ပြီး လူကုန်ကူး ခံရသူများမှာ ရှမ်းပြည်နယ်မှ အများဆုံး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။


“ဒီရှစ်လအတွင်းမှာ ရှမ်းပြည်မှာ လူကုန်ကူးမှု ၃၃ မှုအထိ ဖြစ်ခဲ့တယ်၊ ရန်ကုန်နဲ့ မန္တလေးက ရှစ်မှုစီ၊ လူကုန်ကူးခံရသူ အများစုက တရုတ်နိုင်ငံကို လူကုန်ကူးခံရတာ များတယ်၊ လူကုန်ကူး ခံရသူတွေကို ပြန်ကယ်နိုင်ဖို့အတွက် သက်ဆိုင်ရာ အဖွဲ့တွေနဲ့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့တွေ ပူးပေါင်းပြီး ကြိုးစားဆောင်ရွက်နေသလို လူကုန်ကူးမှု ကျဆင်းလာအောင် မြို့နယ်အနှံ့ လူစည်ကားရာ နေရာတွေမှာ ဟောပြောပွဲနဲ့ သရုပ်ဖော်ပွဲတွေ ကျင်းပနေပါတယ်” ဟု အဆိုပါ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့မှ ရဲမှူးကြီး ရိုလင်က ရှင်းပြသည်။


The Voice , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment