Pages

Pages - Menu

Friday, September 12, 2014

ပါကစ္စတန်တွင် တမံတစ်ခု ဖောက်ချလိုက်၍ ကျေးရွာအချို့ ရေလွှမ်း

RangonNewsDaily:: September . 12 .2014
မြို့ပြဧရိယာတစ်ခုကို ရေလွှမ်းမိုးမှု လျှော့ချနိုင်ရန်အတွက် တမံတစ်ခုကို ဖောက်ချလိုက်ခြင်းကြောင့် ပါကစ္စတန်ရှိ ကျေးရွာနှစ်ခုကို ဆိုးဆိုးရွားရွား ရေလွှမ်းသွားခဲ့သည်။
ဟိမဝန္တာနှင့် ဆက်စပ်နေသည့် ကက်ရှ်မာ ဒေသတွင် ပြီးခဲ့သည့် သီတင်းပတ် ကတည်းက ဖြစ်ပေါ်နေသည့် ရေကြီး ရေလျှံမှုများကြောင့် ပါကစ္စတန်တွင် လူပေါင်း(၂၅၀)ကျော်ထိ သေဆုံးခဲ့ပြီး ဖြစ်သည်။ 

စက်တင်ဘာ (၁၀)ရက်ကမူ လူနေထူထပ်သည့် ပန်ဂျပ်ပြည်နယ်ရှိ မြို့ပြဒေသများတွင် ရေလွှမ်းမိုးမှုကို လျှော့ချရန်အတွက် အရေးပါသော တမံတူးမြောင်း တစ်ခုကို ဖောက်ချလိုက်ကြောင်း ပါကစ္စတန် သဘာဝဘေးအန္တရာယ်ထိန်းချုပ်ရေး အာဏာပိုင်များက ဆိုသည်။

တမံကို ဖောက်ချလိုက်သည့်အတွက် ရွာနှစ်ရွာတွင် နေအိမ်များရော၊ လမ်းများပါ ရေလွှမ်းသွားပြီး ဒေသခံများက အိမ်ခေါင်မိုးများပေါ် တက်၍ ခိုလှုံနေရသည်။ ပါကစ္စတန်တွင် ဖြစ်ပေါ်နေသော ရေလွှမ်းမိုးမှုများသည် (၂၀၁၀)နောက်ပိုင်း အဆိုးဆုံး အခြေအနေလည်း ဖြစ်သည်။ (၂၀၁၀)ပြည့်နှစ် ရေကြီးမှုသည် နိုင်ငံသမိုင်းတွင် အဆိုးဆုံး မှတ်တမ်းဝင်ခဲ့ပြီး ထိုစဉ်က လူပေါင်း (၁၇၀၀)ကျော် သေဆုံးခဲ့သည်။

အာဏာပိုင်များက ပန်ဂျပ်ရှိ ဂျာဟန်းမြို့တွင် ရေကြီးမှု စိုးရိမ်အခြေအနေထိ ရောက်ရှိလာသည့်နောက် တမံအတားအဆီးကို ဖောက်ချရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ “အခုလို တမံကို ဖောက်ချလိုက်တယ် ဆိုတာက ဂျာဟန်းမြို့ခံ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့ နောက်ဆုံး ရွေးချယ်ရာ အခြေအနေပါ။ မြို့ကို ကယ်တင်ဖို့ မဖြစ်မနေ လုပ်ဆောင်ရတဲ့ ကိစ္စမျိုး ဖြစ်ပါတယ်”ဟု ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့မှ အရေးပါသော အရာရှိ တစ်ဦးက AFP သို့ ပြောကြားခဲ့သည်။

ဂျာဟန်းတွင် လူပေါင်းလေးသိန်းကျော်မျှ နေထိုင်ပြီး အဆိုးရွားဆုံး အခြေအနေကို ရှောင်လွှဲရန်အတွက် တမံဖောက်ချလိုက်ခြင်းဟု ကာကွယ်ရေး၊ ရေအရင်းအမြစ်နှင့် စွမ်းအင်ဝန်ကြီး ခါဝါဂျအာဆစ်ဖ်ကလည်း ပြောကြားခဲ့သည်။ 


ပန်ဂျပ် ဒေသခံ တစ်ဦးဖြစ်သည့် မူဟာမက် ဇူလ်ဖီကာက “ရေတွေ အလုံးအရင်း စီးဝင်လာတာကို ကျွန်တော်တို့ မြင်ခဲ့ရတယ်။ တချို့ရွာတွေမှာဆိုရင် ရေထုက (၈)ပေလောက်ထိ တက်လာတယ်။ ဒီတော့ ရွာခံတွေက အိမ်တွေကို စွန့်ပစ်ပြီး ခေါင်မိုးပေါ်တက်ရင်း ရေဘေးခိုနေရတယ်”ဟု ဆိုသည်။

"ဂျာဟန်းတွင် လူပေါင်းလေးသိန်းကျော်မျှ နေထိုင်ပြီး အဆိုးရွားဆုံး အခြေအနေကို ရှောင်လွှဲရန်အတွက် တမံဖောက်ချလိုက်ခြင်းဟု ကာကွယ်ရေး၊ ရေအရင်းအမြစ်နှင့် စွမ်းအင်ဝန်ကြီး ခါဝါဂျအာဆစ်ဖ်ကလည်း ပြောကြားခဲ့"

လတ်တလောတွင် ရေဘေးသင့် ကျေးရွာများသို့ လှေငယ်(၁၀၀)ကျော် စေလွှတ်ကာ လူပေါင်း(၄၀၀၀)ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးပြီးဖြစ်ကြောင်း သိရှိရသည်။

Ref: Channelnewsasia , 7DayDaily , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment