Pages

Pages - Menu

Wednesday, August 13, 2014

ဒဂုံဆိပ်ကမ်းမှ လုယက်ခံရသည် ဆိုသော ငွေနှင့် ရွှေထည်များ သားဖြစ်သူ ယူသွားကြောင်း ပေါ်ပေါက်

RangonNewsDaily:: August . 13 .2014
ဒဂုံဆိပ်ကမ်းမြို့နယ်၌ အမျိုးသားသုံးဦးက လုယက်ခဲ့သည်ဟုဆိုကာ အမှုဖွင့်ထားသော ငွေကျပ် ၇ သိန်းနှင့် သိန်း ၈၀ ကျော် တန်ဖိုးရှိ ရွှေထည်များ ပျောက်ဆုံးမှုမှာ တိုင်တန်းသူ၏ သားဖြစ်သူ အသက် ၁၅ နှစ်အရွယ်ရှိ ၁၀ တန်း ကျောင်းသားက ယူဆောင်သွားခြင်း ဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း ယင်းမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၉၂) ရပ်ကွက်တွင် နေထိုင်သော အဆိုပါလူငယ်မှာ သြဂုတ်လ ၆ ရက်နေ့ ညနေ ၅ နာရီခန့်က နေအိမ်တွင် တစ်ဦးတည်း ရှိနေစဉ် အသက် ၂၀ ဝန်းကျင်ခန့်ရှိ အမျိုးသားသုံးဦး ဝင်ရောက်လာပြီး ၎င်း၏ ပါးစပ်အတွင်းသို့ မအော်နိုင်ရန် ဖယောင်းတိုင် ထိုးထည့်ပြီး မျက်နှာကို စွပ်ကျယ်ဖြင့်အုပ်၍ သတိလစ်အောင် ပြုကြောင်း၊ ယင်းနောက် အလေးချိန် ၁၀ ကျပ်သားရှိ လက်ဝတ်ရွှေထည်နှင့် ဗီရိုအတွင်း သိမ်းဆည်းထားသော ငွေကျပ် ၇ သိန်းကို လုယူသွားသည်ဟု မိဘများကို ပြောကြားခဲ့ကြောင်း၊ ယင်းကြောင့် မိဘများက ရဲစခန်းသို့ လာရောက် တိုင်ကြားသဖြင့် ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ကာ မြို့နယ်ရဲတပ်ဖွဲ့က စုံစမ်းခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

“လူသုံးယောက်က အိမ်ထဲ ဝင်လာပြီး သူ့ကိုထိုးကြိတ်ပြီး စွပ်ကျယ်နဲ့ မျက်နှာကို အုပ်လိုက်တာ သတိလစ်တယ်လို့ ကောင်းလေးက ပြောပေမယ့် ဆေးစစ်ချက်အရ မူးမေ့လောက်တဲ့ ဒဏ်ရာလည်း မတွေ့ရဘူး။ နောက်ပြီး ကောင်လေးမှာ ဈေးကြီး ပေးဝယ်ရတဲ့ လက်ကိုင်ဟန်းဖုန်း ဝယ်ထားတယ် ဆိုတာ သူ့သူငယ်ချင်းတွေဆီက သိခဲ့ရတယ်” ဟု ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

မိဘများကို လုယက်ခံရသည်ဟု လိမ်လည် တိုင်တန်းခဲ့သော ရွှေထည်ပစ္စည်းများမှ တချို့ကို ဇူလိုင်လ ၃၀ ရက်နေ့က မိဘများ မသိအောင် နေအိမ်မှ ခိုးယူ၍ ၎င်း၏ သူငယ်ချင်းများထံ အပ်နှံခဲ့ကြောင်း၊ ယင်းနောက် အဆိုပါ ရွှေထည်များအနက် တချို့ကို ထုခွဲရောင်းချခဲ့ပြီး Samsung Glaxy S5 အမျိုးအစား လက်ကိုင်ဖုန်း ဝယ်ယူခဲ့ကြောင်း သြဂုတ်လ ၉ ရက်နေ့က စစ်ဆေး ပေါ်ပေါက်ခဲ့သည်ဟု ၎င်းကဆိုသည်။

“ရွှေတွေ ရောင်းရငွေနဲ့ သုံးဖြုန်းပြီးမှ မိဘတွေသိရင် ဆူပူရိုက်နှက်မှာ ကြောက်ပြီး အိမ်ထဲမှာ လူသုံးယောက်က ဝင်လုတယ်လို့ လိမ်ပြောခဲ့တာ။ မိဘတွေက သားသမီးကိုယုံတော့ ရဲစခန်း လာအမှုဖွင့် တိုင်ကြားရာက သူ ဟန်ဆောင် လိမ်လည်ခဲ့တာ ပေါ်သွားတာ” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ နေအိမ်အတွင်း ငွေနှင့် ရွှေထည်ပစ္စည်းများကို လုယက်ခံရသည်ဟု လိမ်လည်တိုင်ကြားခဲ့မှုမှ သက်သေခံ ပစ္စည်းများကို ရဲတပ်ဖွဲ့က ပြန်လည် သိမ်းဆည်းခဲ့ပြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းမှ (ပ) ၃၂၃/၁၄၊ ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ထားချက်ကို ဥပဒေနှင့်အညီ ဆက်လက် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။

The Voice , KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment