မြစ်ကြီးနား-ဖားကန့် လမ်းပိုင်းအချို့ ဆိုးရွားစွာပျက်စီးနေမှုကြောင့် ပိတ်မိနေသောယာဉ်များအား ဆင်ဖြင့်ဆွဲနေစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်) |
ကချင်ပြည်နယ် မြစ်ကြီးနား-မိုးကောင်း -ပါဟုတ် ဖားကန့်လမ်းပိုင်း နန့်ယားနှင့်နန့် တိန်းကျေးရွာကြား ကျောက်ထုတောင် (ဒေသ ခေါ်ရုံးတောင်) နေရာ ဖားကန့်ဘက်မှ အတက်ဘက်တွင် ဩဂုတ် ၁၆ ရက် နံနက် ၁ဝ နာရီတွင် အတက်အဆင်းကားများ ပိတ်မိနေရာ ညနေပိုင်းအထိ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ယာဉ်ကြောပိတ်ဆို့ရသည့် အကြောင်း မှာ ဖားကန့်ဘက်မှ အတက်ကားများမှာ ရုံးတောင်အတက်တွင် ဘီးချော်မှုများ ဖြစ်ပေါ်နေရာ အဆင်းအတက်ကားများ ယာဉ်လမ်းကြောင်း ကျပ်တည်းကာ ပိတ်ဆို့ခဲ့ရခြင်းဖြစ်သည်ဟု ကားဆရာများကဆိုသည်။ ပိတ်မိနေသည့် အတက်အဆင်းကားများ ငါးရာခန့်ရှိနေပြီး လူစီးယာဉ်ကားငယ်များကို ဦးစားပေးကာ အတက်အဆင်း ပြုလုပ်နေကြောင်း သိရသည်။
ယင်းအတက်ကားများ တောင်မတက်နိုင်မှုကြောင့် ဒေသခံများ၏ ဆင်များဖြင့် နေ့လယ်ပိုင်းမှ စတင်၍ဆွဲထုတ်ခဲ့သော်လည်း ကားအစီးရေ များလွန်းသည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုများ ဆက်လက်ဖြစ်ပေါ်ခဲ့သည်။
မြစ်ကြီးနား-ဖားကန့် လမ်းပိုင်းကို ဆယ်နှစ်ကျော်ကြာ ကားမောင်းလာပြီး ယာဉ်ကြောပိတ်ဆိုနေသည့် ကားဆရာ ကိုမောင်နိုင်က “ဒီနှစ်ထဲမှာတော့ ပထမအကြိမ်ပါ။ မနက် ၁ဝ နာရီကတည်းကပိတ်တာ ညနေသုံးနာရီ ကျော်နေပြီ။ အခုနေရာက ရွာနဲ့ဝေးတော့ ခရီးသည်တွေ အားလုံးလည်း ထမင်းငတ်ကုန်ပြီ။ လွန်ခဲ့တဲ့ နှစ်နှစ်ကလည်း ဒီနေရာမှာ လမ်းပိတ်တာ သုံးရက်တောင် ကြာသွားတယ်။ မိုးဆက်ရွာရင် နောက်နေ့လည်းပိတ်နေမှာပဲ။ ကားက မတက်နိုင်တာကိုး။ ဖားကန့်လမ်းက ၂ဝဝ၇ ခုနှစ်ဝန်းကျင်က နှစ်နှစ်ကျော်ပြီ တစ်ခါမှ မကောင်းခဲ့ဖူးဘူး” ဟုဆိုသည်။
ဖားကန့်ဘက်မှ တက်လာသည့်ကားငယ်များကို ကျောက်ထုတောင်(ခေါ်) ရုံးတောင်အဆင်းတွင် ဆင်များဖြင့် ဆွဲတက်နေရပြီး အကွာအဝေးအလိုက် ကျပ်ငါးထောင်မှ နှစ်သောင်းအထိ ပေးဆောင်ရကြောင်း သိရသည်။ ဆင်းဦးစီးဖြစ်သူ ကိုဒီးလာက “ဒီလမ်းကြောမှာ လမ်းပိတ်တတ်တဲ့နေရာ လေးနေရာလောက်ရှိတယ်။ လမ်းပိတ်တာနဲ့ ဆင်နဲ့ဆွဲရတာများတယ်။ တန်းဖိုးကတော့ အကွာအဝေးအလိုက် ကြည့်ပြီးယူတာပါ။ နှစ်တိုင်းလောက် လမ်းပိတ်တတ်တယ်” ဟုဆိုသည်။
ဖားကန့်ဖက်သို့သွားသည့် ကုန်ကားကြီးများမှာ နန့်တိန်းတံတားလမ်းကွေ့နှင့် မလွတ်သဖြင့် အနက်ငါးပေကျော်နက်သော နန့်တိန်းချောင်းကို ဖြတ်ကူးနေရကာ ကားအင်ဂျင်များ ရေဝင်ပျက်စီးခြင်း၊ ကုန်ပစ္စည်းများ ရေစိုခြင်း စသည့်ဆိုးကျိုးများနှင့် ကြုံတွေ့နေရကြောင်း တွေ့ရသည်။ ကုန်ကားမောင်းသည့် ကားဆရာ ဦးမြင့်စိုးက “ရှေ့ကကားနှစ်စီးက ရေဝင်လို့ အင်ဂျင်ချနေရတယ်။ တချို့လည်း နန့်တိန်းရွာမှာပဲ ရေကျစောင့်နေကြတာ။ လမ်းမကောင်းတော့ ကုန်းဈေးနှုန်းတွေတက်လာရင် လူတွေအားလုံး ခံစားရတာပေါ့ဗျာ” ဟုဆိုသည်။
မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းတွင် ကာမိုင်း-မအူပင်-နန့်ယား-ကပ်မော်စွပ်-နမော်စွပ်-ချောင်းဆုံ-တံတားညီနောင်-ပျားအုံ-စသည့် ကျေးရွာလမ်းပိုင်းများတွင် ဆိုးရွားစွာ ပျက်စီးနေကြောင်း တွေ့ရသည်။မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းအား ဖားကန့်ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်များမှ ငွေကောက်ခံ၍ ကျပ်သန်းပေါင်း သုံးထောင်ခြောက်ရာကျော် အကုန်အကျခံကာ တည်ဆောက်ရန် နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်ဖြင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်က ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလပိုင်းက စီစဉ်ခဲ့သော်လည်း အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
မြစ်ကြီးနား-ဖားကန့် လမ်းပိုင်းအချို့ ဆိုးရွားစွာပျက်စီးနေမှုကြောင့် ပိတ်မိနေသောယာဉ်များအား ဆင်ဖြင့်ဆွဲနေစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)
Eleven Media , KOLATT(PBDN)
RangonNewsDaily
မြစ်ကြီးနား-ဖားကန့် လမ်းပိုင်းအချို့ ဆိုးရွားစွာပျက်စီးနေမှုကြောင့် ပိတ်မိနေသောယာဉ်များအား ဆင်ဖြင့်ဆွဲနေစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)
မြစ်ကြီးနား-ဖားကန့် လမ်းပိုင်းအချို့ ဆိုးရွားစွာပျက်စီးနေမှုကြောင့် ပိတ်မိနေသောယာဉ်များအား ဆင်ဖြင့်ဆွဲနေစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)
No comments:
Post a Comment