Pages

Pages - Menu

Monday, August 18, 2014

တစ်နိုင်ငံလုံးအပစ်ရပ်ရေးစာချုပ်ကိစ္စဆွေးနွေးမှု အပြီးမသတ်နိုင်သေး


RangonNewsDaily:: August . 17 .2014
ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေး စင်တာတွင် သြဂုတ်လ ၁၅ ရက်နေ့က ၁၇ ရက်နေ့ထိ ကျင်းပခဲ့သော အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ (UPWC) နှင့်တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)တို့ အပစ်အခတ်ရပ်စဲရေး စာချုပ်နှင့်ပတ်သက်သည့် တွေ့ဆုံဆွေးနွေးမှု အပြီးမသတ်နိုင်သေးကြောင်း ဆွေးနွေး မှုအပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် နှစ်ဖက် ပြောရေးဆိုခွင့်ရှိသူများ က ပြောကြားလိုက်ခြင်း ဖြစ်သည်။
ဆွေးနွေးပွဲ သုံးရက်အတွင်း စုစုပေါင်း အခန်း (၇)ခန်းကို ဆွေးနွေးကြခြင်းဖြစ်ပြီး ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေသေးသည့်အချက်များကိုလာမည့် စက်တင်ဘာလအတွင်း ဆွေးနွေးနိုင်မည် ဟု နှစ်ဖက်ပြောရေးဆိုခွင့်ရှိသူများက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားကြခြင်းဖြစ်သည်။

" အခန်း (၂) ရဲ့ ဦးတည်ချက်နဲ့ ရည်ရွယ်ချက်မှာ ဆွေးနွေးဖို့ တစ်ချက် ကျန်ပါတယ်။ အခန်း (၃) ရဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ကိစ္စမှာ အချက် (၁) ခု၊ အခန်း (၅)ရဲ့ နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များမှာ (၁) ချက်နဲ့ အခန်း (၆) ရဲ့ ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်များမှာ တစ်ချက်ကျန်ပါတယ်။

အခန်း(၇) အထွေထွေမှာ က လက်မှတ်ထိုးမယ့်သူဟာ စာချုပ်ထဲမှာ ပါတာကို ညှိနှိုင်းဖို့ ဆိုတဲ့အတွက် ကျွန်တော်တို့ဘက်က ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌဦးအောင်မင်း ပြောဆိုတဲ့ (၃၁) ချက်လို့ ပြောရာမှာ တစ်ကယ်နိုင်ငံရေးအရ စာချုပ်မှာ ညှိနှိုင်းဖို့ ကျန်တဲ့အချက်က (၄) ချက်ပဲ လို့ ပြောလိုပါတယ်"ဟု MPC ၏ အကြီးတန်း အရာရှိ ဦးလှမောင်ရွှေက ပြောသည်။

အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် နှစ်ဖက်စလုံးအတွက် အာမခံလက်မှတ်ရေးထိုးပေးမည့် ကိစ္စမှာ အခန်း(၇) အထွေထွေ ကဏ္ဍတွင်ပါဝင်ကြောင်း၊NCCT အနေဖြင့် လက်မှတ်ရေးထိုးမည့်သူ၏ စံနှုန်းကို သတ်မှတ်ထားကြောင်း၊ယင်းသတ်မှတ်ချက်ကိုလည်း အစိုးရဘက်ကို တောင်းဆိုတင်ပြထားကြောင်း NCCTမှ ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်းကပြော သည်။

"ကျွန်တော်တို့ NCCT ကနေပြီးတော့ လက်မှတ်ထိုးတာ သာမန်လူပုဂ္ဂိုလ် ထိုးတဲ့ပုံစံမျိုးမဟုတ်ပဲ ရာထူးကို ကျွန်တော်တို့ လိုချင်တာ ဖြစ်တယ်။ သမ္မတကြီးကိုယ်တိုင်၊ လွှတ်တော် ဥက္ကဌကြီးကိုယ်တိုင်၊ ကာချုပ်ကြီးကိုယ်တိုင် အဲဒါမှ ခိုင်မာမှုရှိမယ်ဆိုပြီး တင်ပြထားတာရှိတယ်။ 


အဲ့အတွက်ကြောင့် ကျွန်တော်တို့လိုချင်တာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်တယ် ဆိုတာဟာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်လှမ်းဆိုပေမယ့် အဲဒီစာချုပ်ကိုယ်တိုင်က မခိုင်မာလို့ရှိရင် နိုင်ငံရေးဆွေးနွေးပွဲလုပ်တဲ့အခါမှာ ခိုင်မာမှာမ ဟုတ်ဘူး။

ဒါကြောင့် ဒီမှာ လက်မှတ်ရေးထိုးတဲ့ သူတွေဟာ တကယ် တာဝန်ရှိတဲ့သူ တကယ်တာဝန်ခံနိုင်တဲ့သူမျိုး ဖြစ်ဖို့လိုတယ်။ အဲဒီအတွက် ကျွန်တော်တို့ဘက်က တင်ပြရာမှာ လက်မှတ်ထိုးတဲ့သူက သမ္မတဖြစ်ရမယ်၊ ကာချုပ်ဖြစ်ရမယ်။ ကျွန်တော်တို့ ဘက်ကလည်း အဖွဲ့အစည်း အသီးသီးရဲ့ ဥက္ကဌ သို့တည်းမဟုတ် အထွေထွေ အတွင်းရေးမှူး ချုပ် ဖြစ်ရမယ်လို့ တိတိကျကျဖော်ပြထားတယ်"ဟု ယင်းကဆိုသည်။ 

အစိုးရအနေဖြင့် သမ္မတနှင့်သမ္မက တာဝန်ပေးခံရသောသူကသာ လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်းအစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ (UPWC) ခေါင်းဆောင် ဦးအောင်မင်း ကပြောသည်ဟု MPC ၏ အကြီးတန်း အရာရှိ ဦးလှမောင်ရွှေက သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)ဆွေးနွေးမှု ပထမနေ့တွင်တိုင်းရင်းသားများဘက်မှ တင်ပြသည့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ် ပြည်ထောင် စု စနစ်တည်ဆောက်ရေး ကို အစိုးရဘက်က လက်ခံလိုက်ကြောင်း ၊ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မည့်အချက်သည် အရေးကြီးဆုံး အချက် ဖြစ်သည့်အတွက် ကျန်သည့်အချက်များမှာ ပြေလည်ရန်နီးစပ်ကြောင်းတစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေး အဖွဲ့(NCCT)ခေါင်းဆောင်နိုင်ဟံသာကပြောကြားခဲ့သေးသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

KOLATT(PBDN)

RangonNewsDaily

No comments:

Post a Comment