Pages

Pages - Menu

Tuesday, July 22, 2014

MH17 ကို ပစ်ချခဲ့သည့် ဒုံးကျည်စနစ်ကို ရုရှားဘက် ရွှေ့ပြောင်းနေသည်ဆိုသော ဗီဒီယို အွန်လိုင်းတွင် ပျံ့နှံ့လာ


RangonNewsDaily:: July . 22 .2014
ကြီးမားသော စစ်လက်နက် ပစ္စည်းတစ်ခုကို ထရပ်ကားကြီး တစ်စီးပေါ် တင်ဆောင်ပြီး နေရာရွှေ့ပြောင်းနေသည့် ဗီဒီယိုတစ်ခု အွန်လိုင်းပေါ်တွင် ပျံ့နှံ့လာပြီးနောက် ယင်းသည် MH17 ကို ပစ်ချခဲ့သည့် BUK ဒုံးကျည်စနစ်ဖြစ်ကြောင်း စွပ်စွဲမှုများ ထွက်ပေါ်လာခဲ့သည်။
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ဇူလိုင်(၁၉)ရက်က ယာဉ်မောင်းတစ်ဦးသည် ကားဒက်ရှ်ဘုတ်ပေါ်တွင် တပ်ဆင်ထားသည့် ကင်မရာဖြင့် ၎င်း၏ရှေ့မှောက်မှ ထရပ်ကားကြီးကို မှတ်တမ်းယူ ဗီဒီယို ရိုက်ထားခြင်း ဖြစ်သည်။ အဆိုပါ ယာဉ်မောင်းသည် စစ်ဘက်သုံး ထရပ်ကားကြီးနောက်မှ (၂)ကီလိုမီတာမျှထိ နောက်ယောင်ခံ မောင်းနှင်ပြီး ဗီဒီယို ရိုက်ယူထားခဲ့သည်။

ထရပ်ကားကြီး၏ နောက်ဘက်တွင် အညိုရောင် အဝတ်စဖြင့် ဖုံးလွှမ်းထားသည့် ကြီးမားသော ပစ္စည်းတစ်ခု ရှိနေပြီး ယင်း၏ ကောက်ကြောင်းသည် ဒုံးကျည်စနစ် တစ်ခုသဏ္ဍန် ပေါ်လွင်နေသည်။ ယူကရိန်း ထောက်လှမ်းရေး ရင်းမြစ်များက အဆိုပါ ဗီဒီယိုကို ထုတ်ပြန်ခဲ့ပြီး ရုရှား Blogger တစ်ဦးက BUK M1 ဒုံးကျည်စနစ် ရွှေ့ပြောင်းနေသည်ကို မှတ်တမ်းတင်ထားခြင်းဟု ဖော်ပြခဲ့သည်။ အဆိုပါ ထရပ်ကားကြီးသည် လေယာဉ် ပျက်ကျပြီး (၂)ရက်မျှ အကြာတွင် ယူကရိန်းမှ ရုရှားနယ်စပ်ဘက်သို့ ဦးတည် မောင်းနှင်နေခြင်းဟုလည်း သိရသည်။

MH17သည် ရုရှားက အထောက်အပံ့ ပေးထားသည့် ယူကရိန်း သူပုန်များ မှားယွင်းပစ်ခတ်သည့် ဒုံးကျည်ထိမှန်ပြီး ပေါက်ကွဲသွားခြင်းဟု ယူဆစရာ အခြေအနေများ ရှိနေရာ ယခုအခါ လေယာဉ်ကို ပစ်ချခဲ့သည့် ဒုံးကျည်စနစ်ကို ရုရှားဘက်သို့ ပြန်လည် ပေးပို့လိုက်ခြင်းဟု ယူကရိန်းဘက်က စွပ်စွဲထားသည်။

“ရုရှားနိုင်ငံက Blogger တစ်ယောက်ဟာ အဝတ်နဲ့ လွှမ်းခြုံဖုံးအုပ်ထားတဲ့ BUK 1M ဒုံးကျည်စနစ် ရွှေ့ပြောင်းမှု ခရီးစဉ်နောက်ကို (၂)ကီလိုမီတာလုံးလုံး ခြေရာခံ လိုက်ခဲ့ပါတယ်။ သူ့ရဲ့ အဆိုအရတော့ အဲဒီကားကြီးက ယူကရိန်း နယ်ခြားဘက်ကို ဦးတည်နေပါတယ်တဲ့။ သူကတော့ ဒါဟာ MH17 ကို ပစ်ချခဲ့တဲ့ ဒုံးကျည်စနစ်ပဲလို့ သေချာပေါက် ယူဆထားတယ်”ဟု အင်တာနက်တွင် ပျံ့နှံ့နေသည့် ဗီဒီယို၌ ရေးသားထားသည်။ ဗီဒီယိုထဲတွင် ကားမောင်းနေသူက “ဒါနောက်နေတာ မဟုတ်ဘူး”ဟု ရေရွတ်နေသော အသံလည်း ပါရှိနေသည်။

ယူကရိန်း အစိုးရက သူပုန်များသည် ရုရှားစစ်တပ်က ထောက်ပံ့သည့် BUK ဒုံးကျည်ဖြင့် မိမိတို့၏ စစ်ဘက်လေယာဉ်များကို ပစ်ချနေရာမှ MH-17 ကို မှားယွင်းပစ်ခတ်ခဲ့ခြင်းဟု စွပ်စွဲထားသည်။

သူပုန်တပ်ဖွဲ့များက ၎င်းတို့သည် လေယာဉ်ပျက်၏ သေတ္တာနက်ဟု ယူဆရသော အရာကို ပြန်လည်တွေ့ရှိထားပြီး ယင်းကို ဒိုးနက်စ်ခ်မြို့သို့ ယူဆောင်လာကာ ထိုမှတစ်ဆင့် နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များထံ လက်လွှဲပေးအပ်မည်ဟု ကြေညာထားသည်။

သူပုန်အဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သည့် အလက်ဇန္ဒား ဘိုရိုဒိုင်က ဒိုးနက်စ်ခ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်၌ “လေယာဉ်နဲ့ ပတ်သက်တဲ့ ပစ္စည်းတချို့ကို ရှာတွေ့ထားပါတယ်။ အဲဒီထဲမှာ သေတ္တာနက်လို့ ယူဆရတဲ့ ပစ္စည်းလည်း ပါတယ်။ ကျွန်တော်တို့ရဲ့ ကွပ်ကဲမှုနဲ့အတူ အဲဒီပစ္စည်းတွေကို ဒိုးနက်စ်ခ်ထိ သယ်ယူလာနေပါတယ်။ ကျွန်တော်တို့ထဲမှာ ဒီပစ္စည်းဟာ လေယာဉ်ရဲ့ သေတ္တာနက် ဟုတ်မဟုတ် အတည်ပြုပေးနိုင်တဲ့ ပညာရှင် မရှိပါဘူး။ ဒါပေမဲ့ နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းတွေလို့ ယူဆရတဲ့ အရာမှန်သမျှကို ဒိုးနက်စ်ခ်ထိ သယ်လာပါတယ်”ဟု ပြောကြားသွားသည်။

Dailymail ,7Day Daily , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment