Pages

Pages - Menu

Tuesday, July 22, 2014

မလေးရှားလေကြောင်းလိုင်း MH 17 ပစ်ချခံရပြီး လူ ၂၉၈ ဦး ကြေကွဲဖွယ်သေဆုံးမှုအပေါ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သတင်းထုတ်ပြန်


RangonNewsDaily:: July . 22 .2014
၂ဝ၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများမှ ဇူလိုင် ၁၇ ရက်က မလေးရှားလေကြောင်းလိုင်း MH 17 ပစ်ချခံရပြီး လူ ၂၉၈ ဦး ကြေကွဲဖွယ်သေဆုံးခဲ့မှုအပေါ် သတင်းထုတ်ပြန်ချက်အား ဇူလိုင် ၂ဝ ရက်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် ၂ဝ၁၄ ခုနှစ် ဇူလိုင် ၁၇ ရက်က မလေးရှားလေကြောင်း ပျံသန်းအမှတ်စဉ် MH 17 အား ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ပစ်ချခံရခြင်းနှင့် ပတ်သက်၍ ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း ဖော်ပြခဲ့သည်။ ထို့ပြင် လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် လူမျိုးစုံပါဝင်သော လူ ၂၉၈ ဦး ကြေကွဲဖွယ် သေဆုံးခဲ့ခြင်းအတွက် ထိတ်လန့်ချောက်ချားမှု ဖြစ်ပေါ်ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မလေးရှားလေကြောင်း ပျံသန်းအမှတ်စဉ် MH 17 သည် ကန့်သတ်ထားခြင်းမရှိသည့် နိုင်ငံတကာ မြို့ပြလေကြောင်းအဖွဲ့အစည်း (အိုင်စီအေအို) က ဘေးကင်းကြောင်းသတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း ပျံသန်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပျံသန်းမှုလမ်းကြောင်းသည် အာရှနှင့် ဥရောပအကြား သွားလာနေသည့် နိုင်ငံတကာ လေကြောင်းလိုင်းများစွာမှ အသုံးပြုသည့် လမ်းကြောင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မလေးရှားလေကြောင်း ပျံသန်းအမှတ်စဉ် MH 17 အနေဖြင့် မည်သို့ဖြစ်ပွားခဲ့သည်ကို တိကျသေချာစွာ သိရှိနိုင်ရန် မလွဲမသွေ ဆောင်ရွက်ရမည်ဖြစ်သည်ကို အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် အလေးအနက်ထားကြောင်း ထုတ်ပြန်ခဲ့သည်။

ယခုဖြစ်ပွားသည့် ကိစ္စအတွက် မြင်သာထင်သာရှိပြီး လွတ်လပ်မှုရှိသည့် အပြည့်အဝ စုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်သွားရန် တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ စုံစမ်းဆောင်ရွက်မှုများအား အတားအဆီးမရှိ ဆောင်ရွက်နိုင်ရမည်ကို အလေးအနက် ပြောလိုကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် MH 17 ပေါ်တွင် ပါရှိသွားကြသူများ၏ မိသားစုဝင်များ ချစ်ခင်နှစ်သက်သူများနှင့် ထပ်တူဝမ်းနည်း ကြေကွဲကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။

ပစ်ချခံရသည့် မလေးရှားလေကြောင်းလိုင်း MH 17 ၏ အပျက်အစီးများအား တွေ့ရစဉ် (Photo:AFP)


Eleven Media  , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment