Pages

Pages - Menu

Wednesday, July 2, 2014

မန္တလေးမြို့တွင် ဘာသာရေးအကြမ်းဖက်မှုများ ဖြစ်ပွားနေ


RangonNewsDaily:: July . 2 .2014
မန္တလေးမြို့ နေရာအချို့တွင် အင်တာနက်သတင်းတစ်ခုအပေါ် အခြေခံ၍ ဘာသာရေးအကြမ်းဖက်မှုများ ဖန်တီးရန် လှုံ့ဆော်မှုများ ရှိနေကြောင်း သတင်းရရှိပါတယ်။
"စတာက ဘာရယ်မှန်း အတိအကျ မသိဘူး။ သစ်ထူးလွင်က သတင်းကြောင့်ပဲ လူတွေ အုပ်စုအုပ်စု ဖြစ်လာတာ မနေ့ကတည်းကပဲ။ ဒီနေ့တော့ ရဲတွေက အစောင့်လာချတယ်။ ရဲတွေရောက်လာပြီး မကြာဘူး လူတွေလဲ ရောက်လာတယ်။ ကမ္ဘာမကျေတွေဘာတွေ အော်ဆိုတယ်။ နီးရာစပ်ရာ ဆိုင်တွေကို ရသလို ဖျက်ဆီးတယ်။" မန္တလေးမြို့နေထိုင်သူတစ်ဦးက အလင်းမျက်ဝန်းသို့ ပြောဆိုပါတယ်။

သစ်ထူးလွင် ၀ဘ်ဆိုဒ်တွင် ဖော်ပြခဲ့သည့် လဘက်ရည်ဆိုင်ပိုင်ရှင်မှ ဘာသာမတူသူ ဆိုင်ဝန်ထမ်းအမျိုးသမီးအား အဓမ္မကျင့်သည်ဟူသော သတင်းအရ မန္တလေးမြို့ပေါ်တွင် လူစိမ်းများ ယမန်နေ့ကတည်းက ရောက်ရှိလာပြီးနောက် ယနေ့ ညနေ (၆) နာရီ နောက်ပိုင်းမှာတော့ အုပ်စုဖွဲ့မှုများ ပိုမိုများပြားလာခဲ့ကာ မြို့ပေါ်ရှိ နေရာအချို့တွင် ဘာသာရေးအကြမ်းဖက်ရန် လှုံ့ဆော်မှုများ ကျယ်ပြန့်စွာ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

"အစ္စလာမ်ဘာသာကို မိုက်မိုက်ရိုင်းရိုင်းတွေ စော်ကားတယ်။ အလ္လာဟ်က ဘာဖြစ်တယ်တို့၊ မိုဟမ္မဒ်က ဘာဖြစ်တယ်တို့ဆိုတာတွေကို တစ်ယောက်က အော်ပြောလိုက်ရင် နောက်လူတွေက လက်ခုပ်ဝိုင်းတီးတယ်။ ပြီးရင် နိုင်ငံတော်သီချင်းဆိုပြီး တက်လာတယ်" ဒေသခံတစ်ဦးက ပြောပြပါတယ်။

အဆိုပါဒေသခံမှ မိမိတို့နေအိမ်နှင့် အသက်အိုးအိမ်စည်းစိမ်အတွက် လုံခြုံမှု မရှိကြောင်း၊ လုံခြုံရေးအစီအစဉ် ညံ့ဖျင်းကြောင်း၊ မိတ္ထီလာမြို့မှာကဲ့သို့ ဘာသာရေးအကြမ်းဖက် ရန်လိုသူ အစွန်းရောက်ရမ်းကားသူများအား ရဲများက ရပ်ကြည့်နေရပြီး အချို့နေရာများတွင် ရဲများကိုပင် ပြန်လည် ရန်မူခြင်းများ ရှိနေတယ်လို့ ပြောပါတယ်။

အစ္စလာမ်ဘာသာဝင်များအနေဖြင့် မိမိတို့ အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် ကိုယ်ထူကိုယ်ထ ကာကွယ်ရန် စဉ်းစားနေကြရပြီး ဗလီဝန်းများသို့ အဖျက်သမား ဘာသာရေးအစွန်းရောက် လူရမ်းကားများ ရောက်ရှိလာချိန်တွင် မိမိတို့ အလ္လာဟ်အရှင်မြတ်၏ အမည်နာမကို ဟစ်အော်ကြွေးကြော်ခဲ့ကြခြင်းကြောင့် တစ်ဖက်မှ လူရမ်းကားများအနေဖြင့် ကြောက်လန့်ကာ ပြန်လည် ဆုတ်ခွာခြင်းများလည်း ရှိခဲ့တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဒေသခံတစ်ဦးက အလင်းမျက်ဝန်းကို ပြောပြပါတယ်။

လက်ရှိအချိန်မှာတော့ မန္တလေးမြို့ နေရာအချို့မှာ မငြိမ်မသက် ဖြစ်ပွားနေဆဲဖြစ်ပြီး၊ ဘာသာရေးအစွန်းရောက် အကြမ်းဖက်သမား လူရမ်းကားများ၏ ဖျက်ဆီးမှုကြောင့် ဆိုင်ခန်းအချို့၊ နေအိမ်အချို့နဲ့ ကားအချို့ ပျက်ဆီးကာ ဒေသခံအစ္စလာမ်ဘာသာဝင်များကလည်း မိမိတို့ အသက်အိုးအိမ်စည်းစိမ်နှင့် ဘာသာရေးအဆောက်အအုံများ လုံခြုံရေးအတွက် အရေးပေါ် ပြင်ဆင်နေကြရတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဖြစ်သူ ဦးရဲမြင့်မှာ ယမန်နှစ်က ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာ ဘာသာရေးအကြမ်းဖက်မှုအတွင်း တာဝန်အရှိဆုံးသူတစ်ဦးဖြစ်ခဲ့ပြီး၊ 969 အကြမ်းဖက်မှု လှုံ့ဆော်ရေးသမား ၀ီရသူနှင့် ဆက်စပ်မှုအပြည့်အ၀ရှိကာ၊ ယခုလို မငြိမ်မသက်ဖြစ်အောင် စတင်လှုံ့ဆော်ခဲ့သည့် သစ်ထူးလွင် ၀ဘ်ဆိုဒ်နှင့်လည်း ဆက်စပ်မှုများ ရှိနေနိုင်ခြင်းကြောင့် ဒေသတွင်း ဘာသာရေးအကြမ်းဖက်မှုများကို အချိန်မရွေး ကျယ်ပြန့်စွာ ဖန်တီးလာနိုင်ခြင်းကြောင့် ၂၀၁၅ ရွေးကောက်ပွဲကာလမတိုင်မီနဲ့ အခြေခံဥပဒေပြင်ဆင်ရေး လူထုလှုပ်ရှားမှုများ ပြုလုပ်နေတဲ့ ကာလများအတွင်း လူမျိုး ဘာသာစုံအနေဖြင့် သတိဝီရိယကြီးစွာဖြင့် နေထိုင်သင့်တယ်လို့ လေ့လာသူများက သုံးသပ်ပြောဆိုနေကြပါတယ်။

သတင်း ။ အလင်းမျက်ဝန်း
Photo: (အင်တာနက်)
KOLATT(PBDN)

RangonNewsDaily







No comments:

Post a Comment