Pages

Pages - Menu

Wednesday, April 23, 2014

ကိုရီယားသင်္ဘောနစ်မြုပ်မှု သေဆုံးသူ ၁၂၈ ဦးအထိ မြင့်တက်


RangonNewsDaily: April . 23 .2014
အသုဘအခမ်းအနားများ အင်္ဂါနေ့မနက်ပိုင်းမှ စတင်ပြီး သင်္ဘောနစ်မြုပ်ရာ ဒေသနှင့်နီးစပ်ရာဒေသများတွင် အဆက်မပြတ် ကျင်းပလျက်ရှိနေသည်။ လွန်ခဲ့သည့် ၆ ရက်ခန့်က ကိုရီယားကျွန်းဆွယ် အနောက် တောင်ဘက်ပိုင်းတွင် ဇောက်ထိုးအနေအထားဖြင့်နစ်မြုပ်သွားခဲ့သည့် Sewol သင်္ဘောနစ်မြုပ်မှုကြောင့် သေဆုံးသူဦးရေမှာ တစ်နေ့ထက်တစ်နေ့ မြင့်တက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ၁၂၈ ဦးကို သေဆုံးပြီ ဟု အတည်ပြုနိုင်ခဲ့ပြီး ၁၇၄ ဦးမှာ ပျောက်ဆုံးလျက်ရှိသည်။
ကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်လျက်ရှိသော ရေငုပ်သမားများ နစ်မြုပ်လျက်ရှသော သင်္ဘော၏ အခန်းများနှင့် လျောက်လမ်းများအတွင်း ၀င်ရောက်နိုင်ခဲ့ပြီးနောက်ပိုင်း အတည်ပြုနိုင်သည့် သေဆုံးသူအရေအတွက်မှာ လျင်မြန်စွာမြင့်တက်လာခဲ့သည်။

အင်္ဂါနေ့တွင် ၂ ဒါဇင်ခန့်ရှိသော အလောင်းများကို ဆယ်ယူနိုင်ခဲ့သလို တနင်္လာနေ့ကလည်း အလောင်း ၂၈ လောင်းကို ဆယ်ယူနိုင်ခဲ့ကြသည်။ သင်္ဘောပေါ်တွင် လိုက်ပါ စီးနင်း လာခဲ့သည့် ခရီးသည် ၄၇၅ ဦးမှ ၃၇၆ ဦးမှာ အထက်တန်းကျောင်းသားများဖြစ်သည့်အတွက် ဆယ်ယူရရှိခဲ့သော အလောင်းအများစုမှာ အထက်တန်းကျောင်းသားကျောင်းသူများဖြစ်ကြသည်။

 " အခြေအနေတွေက အရမ်းဆိုးပါတယ် ၊ ကျွန်တော်တို့ကတော့ အသက်ရှင်နေသေးသူ တွေကိုကယ်တင်ဖို့ ကြိုးပမ်းရှာဖွေနေပေမယ့် သေဆုံးပြီးသား လူသေအလောင်းတွေကိုသာဆယ်ယူပြီးပြန်လာရတာကြောင့် အလောင်းပိုင်ရှင်တွေကို မျက်နှာချင်း တောင် မဆိုင်ပါဘူး" ဟု သင်္ဘောနစ်မြုပ်ရာဒေသတွင် ကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသည့် ရေငုပ်သမား ဘတ်ယွန်း က CNN သတင်းဌာနသို့ပြောကြားခဲ့သည်။

လက်ရှိ အခြေအနေ သေဆုံးပြီးဟု သတ်မှတ်နိုင်သည့် လူအရေအတွက် အရ Sewol သင်္ဘောနစ်မြုပ်မှုသည် ၁၉၉၃ ခုနှစ်နောက်ပိုင်း တောင်ကိုရီယားနိုင်ငံအတွက် အဆိုးရွားဆုံးသော ရေကြောင်းမတော်တဆမှုဖြစ်ပြီး အစိုးရမှလည်း သင်္ဘောစတင်နစ်မြုပ်သည့်နေ့တွင် ကယ်တင် ခဲ့နိုင်သော လူပေါင်း ၁၇၄ ဦးထက် ပိုမိုကယ်ဆယ်နိုင်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးပေ။


သင်္ဘောနစ်မြုပ်မှုနှင့်ပတ်သက်ပြီး တောင်ကိုရီယား အာဏာပိုင်များက သင်္ဘော အမှုထမ်း ၄ ဦးကို ဖမ်းဆီးခဲ့ပြီး ၊ နိုင်ငံမှထွက်ပြေးသွားခဲ့သော သင်္ဘောပိုင်ရှင်ကုမ္ပဏီမှ မိသားစုဝင်အချို့ကိုလည်း ဖမ်းဝရမ်းထုတ်ထားခဲ့သည်။ " ဖမ်းဆီးခြင်းခံနေရသူများက သင်္ဘောကို ထိန်းသိမ်းရေ ညံ့ဖျင်းမှုနှင့် ပတ်သက်ပြီး တရားဥပဒေအရ အရေးယူခြင်းကိုခံရမှာပါ" ဟု သင်္ဘောနစ်မြုပ်မှုကို ကိုင်တွယ်လျက်ရှိသော အာဏာပိုင်တစ်ဦးက ယွန်ဟက် သတင်းဌာနသို့ ပြောကြားခဲ့သည်။ 

သင်္ဘောနစ်မြုပ်မှု၏ အဓိက အကြောင်းအရင်းဖြစ်နိုင်သည့် သက်တမ်း နှစ် ၂၀ ရှိသည့် Sewol သင်္ဘောကို ၂၀၁၂ ခုနှစ်တွင်ဝယ်ယူပြီးနောက်ပိုင်း အထပ်ပို တည်ဆောက်ခဲ့ခြင်း အပေါ် စုံစမ်းစစ်ဆေးလျက်ရှိသည်။

သင်္ဘောနစ်မြုပ်မှုတွင် အဓိက တာဝန်ရှိသော ကပ္ပတိန်နှင့် သင်္ဘော အမှုထမ်း ၂ ဦးသည် မိမိတို့ရယူထားသော တာဝန်များကို လျစ်လျူရှု့ခြင်းနှင့် ခရီးသည်များ ဘေးကင်းရေးကို အကူအညီမပေးဘဲ ကိုယ်လွတ်ရုံး ထွက်ပြေးခဲ့သော အမှုများနှင့်အတူ တရားစွဲဆိုခြင်းခံထားရပြီး တောင်ကိုရီယားသမ္မတ ပတ်ဂွမ်ဟေး ၏ " ခွင့်လွှတ်နိုင်ဖွယ်ရာမရှိသော လူသတ်သမားများ" ဟု နာမည်တပ် ခြင်းခံထားရသည်။ 


ကိုရီယားသတင်းဌာနများ၏ ဖော်ပြချက်များအရ ကပ္ပတိန်သည် သူရင်ဆိုင်နေရသော တရားဥပဒေများအရ တစ်သက်တစ်ကျွန်းထောင်ကျခံရဖွယ်ရှိသည်ဟု ဆိုသည်။ တနင်္လာနေ့တွင် Sewol သင်္ဘော၏ အင်ဂျင်နီယာချုပ်ဖြစ်သူက မိမိကိုယ်ကိုအဆုံး စီရင်ဖို့ကြိုးစားခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ဟု သိရသည်။

သင်္ဘောနစ်မြုပ်မှုတွင်သင်္ဘောအမှုထမ်းများအားလုံးတွင် အပြစ်ရှိခြင်းမဟုတ်ဘဲ အမှုထမ်းအများစုက ခရီးသည်များကို အသက်ကယ်အင်္ကျီများထုတ်ပေးခဲ့သည်။ 


သင်္ဘောအမှုထမ်းအမျိုးသမီးတစ်မှာ ခရီးသည်များ ကို အသက်ကယ်အင်္ကျီများထုတ်ပေးနေခဲ့ပြီး သူကိုယ်တိုင်ထွက်ပြေးမည်ဆိုပါက အသက်ဘေးမှ လွတ်မြောက်မည်ဖြစ်သော်လည်း ခရီးသည်အားလုံးဘေးမကင်းမီ သင်္ဘောပေါ်မှ စွန့်ခွါဖို့ ငြင်းဆန်ခဲ့ကာ နောက် ပိုင်းတွင် ၎င်းအမျိုးသမီးကို အသက်သေဆုံးလျက်ပြန်လည်တွေ့ရှိရခြင်းဖြစ်သည်ဟု လွတ်မြောက်လာသူများ၏ ပြောကြားချက်အရသိရသည်။

News Watch Journal , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment