Pages

Pages - Menu

Friday, April 4, 2014

စည်ပင်ခွင့်ပြုချက် မရရှိဘဲ ဆောက်လုပ်ထားသော စိတ္တရမဟီရပ်ကွက်ရှိ အဆောက်အအုံများ စတင်ဖျက်


RangonNewsDaily: April . 4 .2014
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ခွင့်ပြုချက် မရရှိဘဲ ဆောက်လုပ်ထားသော မန္တလေးခရိုင် ချမ်းအေးသာစံမြို့နယ် စိတ္တရမဟီ ရပ်ကွက်ရှိ မက်သဒစ် အသင်းတော် (အထက်မြန်မာပြည်) ဝင်းအတွင်းရှိ အဆောက်အအုံ ရှစ်လုံးကို ဧပြီလ ၃ ရက်နေ့တွင် စတင်ဖြိုဖျက်လျက် ရှိကြောင်း အဆိုပါကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“သာသနာ့နယ်မြေ အတွင်းမှာ နေထိုင်တဲ့ သူတွေက သူတို့အိမ် ပြန်လည် တည်ဆောက်ဖို့အတွက် ဆောက်လုပ်ရေး ကန်ထရိုက်နှစ်ခုကို အပ်ပြီးတော့ ဆောက်လုပ်ကြတယ်။ ကန်ထရိုက်တွေကလည်း တည်ဆောက်မိန့် လုံးဝမရဘဲ ဆောက်တဲ့အတွက် မနှစ်က နှစ်လယ်ပိုင်း ကတည်းက ကန်ထရိုက်တွေကို ခေါ်တွေ့ပြီး အကြိမ်ကြိမ် သတိပေးခဲ့တယ်။

ဆက်မဆောက်ဖို့နဲ့ ရပ်တန့်ဖို့၊ ဖြိုဖျက်ဖို့ သတိပေးမှုတွေ လုပ်ခဲ့တယ်။ ကန်ထရိုက်တွေက ဒီနှစ်အထိ တည်ဆောက်ခွင့် မရဘဲ ဆက်လုပ်နေလို့ ဒီနေ့မှာပဲ စတင်ပြီးတော့ နည်းဥပဒေအတိုင်း ဖြိုဖျက်ရတာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

မက်သဒစ်အသင်းတော် (အထက်မြန်မာပြည်) ပိုင်ဆိုင်သော သာသနာ့ နယ်မြေတွင် သာသနာပိုင်များက နေထိုင်ခွင့်ပေး၍ နေထိုင်လျက်ရှိသည့် အိမ်ထောင်စုပေါင်း ၁၂ စုရှိပြီး လူဦးရေ ၇၀ ကျော်ရှိကာ ယခင်နေထိုင်ခဲ့သော နေအိမ်များမှာ ဟောင်းနွမ်းနေပြီ ဖြစ်သောကြောင့် ဆောက်လုပ်ရေး ကန်ထရိုက်များကို အဆောက်အအုံ တည်ဆောက်ရန် စာချုပ် ချုပ်ဆိုခဲ့ကြောင်း၊ 


အဆောက်အအုံ ဆောက်လုပ်ခွင့်ရ မရ ဆိုသည်မှာ လက်ရှိ တည်ဆောက်လျက်ရှိသော ကန်ထရိုက်များ ပေါ်တွင်သာ မူတည်ပြီး အရေးယူမှုများ လုပ်ဆောင်မည် ဆိုပါကလည်း ကန်ထရိုက်များပေါ်တွင်သာ လုပ်ဆောင်သင့်ကြောင်း၊ 

ယခုကဲ့သို့ အဆောက်အအုံ ဖြိုဖျက်မည် ဆိုပါကလည်း ဥပဒေအတိုင်း လိုက်နာသွားမည်သာ ဖြစ်ပြီး ချက်ချင်း ဖြိုဖျက်ခြင်းများ မလုပ်ဆောင်ရန်သာ အသနားခံစာများ တင်ထားကာ အဆောက်အအုံ ဆက်လက် တည်ဆောက် ခွင့်ကိုလည်း သက်ဆိုင်ရာသို့ တင်ပြသွားမည် ဖြစ်ကြောင်း အဆိုပါ သာသနာ့နယ်မြေ ပိုင်မြေနေရာတွင် နှစ်ပေါင်း ၃၀ ကျော် နေထိုင်ခဲ့ကာ လက်ရှိ ဖြိုဖျက်မည့် တိုက်ခန်းပိုင်ဆိုင်သူ ဒေါ်မြမြအုန်းက ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မက်သဒစ် အသင်းတော် (အထက်မြန်မာပြည်) ပိုင်ဆိုင်သော သာသနာ့နယ်မြေတွင် အဆောက်အအုံများ တည်ဆောက်လျက် ရှိသည့် ရွှေသုခချမ်းသာ ဆောက်လုပ်ရေး ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးကို The Voice က ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခဲ့ခြင်း မရှိပေ။

The Voice , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment