Pages

Pages - Menu

Thursday, March 13, 2014

ပြည်သူ့ဥယျာဉ် ဟက်ပီးဇုန်အတွင်းသို့ စုံတွဲများ ၀င်ရောက်ခြင်း တားမြစ်

ဟက်ပီးဇုန်သို့လာသည့် ချစ်သူစုံတွဲအချို့ကို တွေ့ရစဉ် ဓာတ်ပုံ − နစ်ကီ 
RangonNewsDaily: March . 13 .2014
ပြည်သူ့ဥယျာဉ် ဟတ်ပီးဇုန်ကစားကွင်းအတွင်းရှိ အများပြည်သူအပန်းဖြေနားနေနိုင်သည့် ပန်းခြံတစ်ခုအား ချစ်သူစုံတွဲများ ၀င်ရောက်နားနေခြင်းမပြုရန် တရားဝင် တားမြစ်ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါပန်းခြံအား မတ်လဆန်းမှ စတင်ကာ ချစ်သူစုံတွဲများ ၀င်ရောက်ခြင်းမပြုရန် တားမြစ်လိုက်ခြင်းဖြစ်ပြီး ကလေးငယ်များ နှင့် မိသားစုလိုက် လာရောက်အပန်းဖြေသူများကိုသာ ၀င်ရောက်ခွင့်ပြုတော့မည်ဖြစ်ကြောင်း ဟတ်ပီးဇုန်ကုမ္ပဏီမှ သိရသည်။

‘‘ဖွင့်ထားတာက ကလေးသူငယ်တွေ ဗဟုသုတရစေဖို့နဲ့ လူကြီးတွေ အပန်းဖြေနိုင်ဖို့ပါ။ ဒါကို စုံတွဲတချို့က လွဲမှားစွာအသုံးချနေကြတယ်။ စဖွင့်ကတည်းက ကလေးတွေအတွက်ရည်ရွယ်ပြီး ဖွင့်ခဲ့တာမို့ ခုပြန်ပြီး ကန့်သတ်လိုက်တာပါ’’ဟု ဟတ်ပီးဇုန်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရန်ကုန်မြို့၊ စည်ပင်လက်အောက်တွင် မြို့နေပြည်သူများ အပန်းဖြေနားနေရန် ဖွင့်လှစ်ထားသော ပန်းခြံပေါင်း ၆၃ ခု ရှိပြီး အဆိုပါပန်းခြံများအားလုံးတွင် မည်သည့်လူမျိုးအသက်အပိုင်းအခြားမရှိ ၀င်ရောက်အပန်းဖြေခွင့်ပြုထားကာ ယခုပြည်သူ့ဥယျာဉ်အတွင်းရှိ ဒိုင်နိုစောကမ္ဘာပန်းခြံမှာ ပထမဆုံးအကြိမ် ချစ်သူစုံတွဲများ ၀င်ရောက်အပန်းဖြေခွင့်တားမြစ်လိုက်သော ပန်းခြံတစ်ခုဖြစ်သည်။

‘‘ကောင်းတယ်။ နိုမို့ဆို ကလေးတွေနဲ့ မ၀င်ရဲဘူး။ အဲဒီလို သီးသန့်ပန်းခြံတွေ များများပေါ်လေ ကောင်းလေပဲ။ ပန်းခြံတိုင်းမှာ သူတို့ချည်းပဲ။ ကလေး၊ လူကြီး အမြင်မတော်တာတွေဖြစ်လေ ကလေးတွေနဲ့ လူကြီးတွေ သီးသန့်အပန်းဖြေနိုင်မယ့် ဒီလိုပန်းခြံမျိုး များများလုပ်ပေးလေကောင်းလေပဲ’’ဟု အသက် (၅၀) ၀န်းကျင်ရှိ အမျိုးသမီးတစ်ဦးကပြောသည်။

အဆိုပါ ပြည်သူ့ဥယျာဉ်အတွင်းရှိ ဒိုင်နိုစောကမ္ဘာပန်းခြံသို့ တစ်ဦးလျှင် ၀င်ကြေးငါးရာဖြင့် နံနက် ၉နာရီမှ ညနေ ၆နာရီအထိ ပိတ်ရက်မရှိ ဖွင့်ရာ စုံတွဲများသာ အများဆုံး ၀င်ရောက်အပန်းဖြေကြကြောင်း လက်မှတ်အရောင်းစာရေးတစ်ဦးကပြောသည်။

ယခင်က ကလေးသူငယ်များ၊ မိသားစုများနှင့် စုံတွဲများကိုပါ ၀င်ရောက်အပန်းဖြေခွင့်ပြုထားသော်လည်း အများစုမှာ စုံတွဲများသာ လာရောက်ကြကြောင်း အဆိုပါပန်းခြံသို့ လာရောက်အပန်းဖြေသည့် စုံတွဲအချို့ထံမှ သိရှိရသည်။

‘‘မနက်အစောကြီးလာတာကို ပိတ်ပြီတဲ့။ ဘာလို့လဲမသိဘူး။ အရင်ကဆို နေရာကောင်းရဖို့ စဖွင့်ကတည်းက လက်မှတ်လာတန်းစီရတာ။ နည်းနည်းနောက်ကျရင် အရင်ရောက်နေတဲ့သူတွေက မထတော့ဘူး။ တစ်နေကုန်ရော။ ပိတ်တာလည်းကောင်းပါတယ်’’ဟု တာမွေမြို့နယ်ရှိ အသက် နှစ်ဆယ်ဝန်းကျင်ခန့် လူငယ်တစ်ဦးက ပြောသည်။

၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မတိုင်မီကာလတွင် ရန်ကုန်မြို့ စည်ပင်သာယာရေးကော်မတီလက်အောက်ရှိ ပန်းခြံဝင်ကြေးကောက်ခံရရှိစာရင်းအရ ငွေကျပ် သိန်း ၂၃,၀၀၀ ကျော် ရရှိခဲ့ကာ လက်ရှိ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင်လည်း မြို့တွင်းရှိ ပန်းခြံများသို့ တစ်လျှင် ပျမ်းမျှလူဦးရေ တစ်သိန်းကျော်ခန့် လာရောက်လည်ပတ်ကြကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနစာရင်းများအရ သိရသည်။

7Day Daily , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment