Pages

Pages - Menu

Saturday, March 8, 2014

အခြေခံပညာ သင်ရိုးညွှန်းတမ်းအားလုံး ပြင်ဆင်မည်


RangonNewsDaily: March . 8 .2014
ပညာရေးဝန်ကြီးဌာန အခြေခံပညာ သင်ရိုးညွှန်းတမ်းများအားလုံး အသစ်ပြင်ဆင်ရေးအတွက် အမျိုးသားအဆင့် အခြေခံပညာကဏ္ဍ အကြံပြုချက်များကို မူတည်၍ လာမည့် နှစ်များတွင် ပြုလုပ်သွားရန် လျာထားကြောင်း ပညာရေး သုတေသနအဖွဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီး The Voice သို့ ပြောကြားသည်။
မတ်လ ၅ ရက်နှင့် ၆ ရက်နေ့တွင် ကျင်းပသည့် လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲရေး အမျိုးသားအဆင့် ဆွေးနွေးပွဲမှ အမျိုးသား ပညာရေး ဥပဒေနှင့် အခြေခံပညာရေးကဏ္ဍ အကြံပြုချက် များကိုယူပြီး ဆက်လက် အကောင်အထည် ဖော်မည် ဖြစ်ကြောင်း မတ်လ ၅ ရက်နေ့တွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် မူလတန်းအဆင့်၌ ၂၀ ရာခိုင်နှုန်း၊ အလယ်တန်းနှင့် အထက်တန်း အဆင့်၌ ၁၀ ရာခိုင်နှုန်းစီ အဆင့်လျှော့ထားပြီး ဖြစ်သော်လည်း လိုအပ်ပါက သင်ရိုးညွှန်းတမ်းအားလုံး ပြင်ဆင်ရေးကိုပါ ဆက်လက်လုပ်သွားရန် ရှိကြောင်း၊ အကောင်အထည် ဖော်မည့် ကာလကိုမူ မထုတ်ပြန်နိုင်သေးကြောင်း ဒေါက်တာမျိုးသိမ်းကြီးက ပြောဆိုသည်။

“ကလေးရဲ့ဦးနှောက်နဲ့ ဝိတ်မမျှတဲ့ သင်ရိုးညွှန်းတမ်းတွေ၊ ခေတ်နဲ့စနစ်နဲ့ မလိုတာတွေ ဖြုတ်တာပါပဲ။ ကျန်တာ ဘာမှ မပြောင်းထားဘူး” ဟု ၎င်းကဆိုသည်။

အခြေခံပညာ သင်ရိုးညွှန်းတမ်း အားလုံးပြင်ဆင်ရေးအတွက် သင်ရိုးညွှန်းတမ်း မူဘောင်ကို ကနဦး ရေးဆွဲရန် လိုအပ်သောကြောင့် ပညာရေး ဝန်ကြီးဌာနက သင်ရိုးညွှန်းတမ်း မူဘောင် (မူကြမ်း) ကို ၂၀၁၃ ခုနှစ်ကုန်ခန့်က ရေးဆွဲခဲ့ကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ပညာရေးဝန်ကြီးဌာန အခြေခံပညာ သင်ရိုးညွှန်းတမ်းတို့တွင် နေရာဒေသနှင့် မကိုက်ညီသော သင်ရိုးညွှန်းတမ်းနှင့် ခေတ်ကာလနှင့် လျော်ညီမှု မရှိသော သင်ရိုး မာတိကာများ ပါဝင်နေသောကြောင့် ပြန်လည် ပြင်ဆင်ပေးရန်အပြင် သင်ကြားနည်းနှင့် တတ်မြောက်မှု စစ်ဆေးနည်း များကို ပြောင်းလဲရန် ပြည်တွင်း ပညာရေးအဖွဲ့ အစည်းများက တောင်းဆိုထားသည်။

“ဆရာမတွေရဲ့သင်ကြားမှု မပြောင်းလဲဘူး ဆိုရင်တော့ ဘာမှမထူးဘူးလေ” ဟု ပုဂ္ဂလိက ပညာရေး အသိုင်းအဝိုင်းမှ ဆရာဦးတင်မောင်ဝင်း (ILBC) က အကြံပြုသည်။

ယင်းကြောင့် အနှစ် ၂၀ ကျော်တွင် ပထမဆုံးအကြိမ် အကြီးစား သင်ရိုးညွှန်းတမ်း ပြင်ဆင်မှုကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စတင်ရန် စီစဉ်ခဲ့သည်။

ွှThe Voice , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment