Pages

Pages - Menu

Saturday, January 25, 2014

ဂျပန်နှင့် တရုတ်တို့၏ လက်ရှိတင်းမာနေမှုသည် ပထမကမ္ဘာစစ် မတိုင်မီက ဗြိတိန်နှင့် ဂျာမနီ အခြေအနေနှင့် တူကြောင်း ရှင်ဇိုအာဘေး ပြောကြား

RangonNewsDaily:: January . 25 .2014
လက်ရှိတင်းမာလျက် ရှိသော ဂျပန်နှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးသည် ပထမကမ္ဘာစစ် မဖြစ်ပွားမီ ဗြိတိန်နှင့် ဂျာမနီတို့၏ တင်းမာမှုနှင့်တူကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ဂျပန်နှင့် တရုတ်အကြား လက်ရှိ ဖြစ်ပွားနေသော တင်းမာမှုကို ပထမကမ္ဘာစစ် ဖြစ်ပွားစေခဲ့သည့် ဗြိတိန်နှင့် ဂျာမနီတို့၏ အခြေအနေနှင့် ခိုင်းနှိုင်း ပြောကြားသော်လည်း ဂျပန်နှင့် တရုတ်နိုင်ငံအကြား စစ်ဖြစ်နိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ထိပ်တန်း ပြောခွင့်ရ ပုဂ္ဂိုလ်က ပြန်လည် ဖြေရှင်း ပြောကြားခဲ့သည်။
တရုတ်နှင့် ဂျပန်နိုင်ငံတို့သည် လက်ရှိ အချိန်တွင် အရှေ့တရုတ် ပင်လယ်တွင်းရှိ ကျွန်းစုများ ပိုင်နက်ကိစ္စနှင့် ပတ်သက်၍ ဆက်ဆံရေး တင်းမာလျက်ရှိစဉ် ယမန်နှစ် ဒီဇင်ဘာလက ဒုတိယကမ္ဘာစစ် အတွင်းက စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သော ဂျပန်စစ် ဗိုလ်ချုပ်များ၏ အထိမ်းအမှတ် ယာဇူကူနီဂူ ဗိမာန်သို့ သွားရောက်ခဲ့ခြင်းကြောင့် နှစ်နိုင်ငံ တင်းမာမှုမှာ ပိုမို ပြင်းထန် လာခဲ့သည်။

ဗုဒ္ဓဟူးနေ့က ဒါဗို့ ကမ္ဘာ့စီးပွားရေး ဖိုရမ်၌ နိုင်ငံတကာ ဂျာနယ်လစ်များကို ပြောကြားရာတွင် ဂျပန်နှင့် တရုတ်တို့၏ လက်ရှိ တင်းမာမှုများသည် ပထမကမ္ဘာစစ် မတိုင်မီက ဗြိတိန်နှင့် ဂျာမနီတို့၏ ဆက်ဆံရေး အခြေအနေနှင့် တူကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်ဟု Financial Times သတင်းစာနှင့် ဘီဘီစီ သတင်းများတွင် ဖော်ပြထားသည်။

ပထမကမ္ဘာစစ် မတိုင်မီ ကာလကလည်း ဗြိတိန်နှင့် ဂျာမနီတို့၏ နှစ်နိုင်ငံ ကုန်သွယ်မှုမှာ ကြီးမားသော်လည်း ၁၉၁၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ပထမကမ္ဘာစစ်ကို မတားဆီးနိုင်ခဲ့ကြောင်း ဂျပန်ဝန်ကြီးချုပ်က ပြောကြားခဲ့ပြီး တရုတ်၏ စစ်ရေး အသုံးစရိတ် တိုးမြှင့်လာခြင်းသည် ဒေသတွင်း မတည်ငြိမ်မှုကို ဖြစ်စေကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားကြီးဖြစ်သော တရုတ်နှင့် ကမ္ဘာ့တတိယ စီးပွားရေး အင်အားကြီး နိုင်ငံဖြစ်သော ဂျပန်တို့၏ နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ ကြီးမားပြီး ၂၀၁၂ ခုနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်ရေး ပမာဏမှာ အမေရိကန် ဒေါ်လာ ၃၃၄ ဘီလီယံထိ ရှိသည်။

ဒါဗို့ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး မိန့်ခွန်း ပြောကြားရာ၌ အာရှဒေသတွင် စစ်ရေး တည်ဆောက်မှုများကို ကန့်သတ်ရန် ပြောကြားခဲ့ပြီး တရုတ်၏ စစ်ရေး တည်ဆောက် နေမှုများကို သွယ်ဝိုက် တိုက်ခိုက်သွားခဲ့သည်။

The Voice  , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment