Pages

Pages - Menu

Friday, January 3, 2014

မိခင်ကို ဓားဖြင့်လိုက်ခုတ်သူ ပထွေးအား သားဖြစ်သူက ဓားဖြင့်ခုတ်သတ်

RangonNewsDaily:: January . 3 .2014
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာအုပ်စု ဂုံမင်းလျှို ကျေးရွာအပိုင် သစ်နီပင်တော စခန်းအနီးတွင် ဒီဇင်ဘာလ ၃၀ ရက် ည ၈ နာရီခန့်က အရက်မူးနေသော ပထွေးက မိခင်ဖြစ်သူကို ဓားဖြင့် လိုက်ခုတ်သဖြင့် သားဖြစ်သူက ပထွေးကို ဓားဖြင့် ခုတ်သတ်ခဲ့ကြောင်း ဖောင်ကြီး နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

သစ်နီပင်တော စခန်းအနီးရှိ ဝါးတစ်လက်ချောင်းတွင်း အသက် ၁၈ နှစ်အရွယ် ကိုအောင်ဆန်းဦး ရေချိုးနေစဉ် မိခင် ဒေါ်သန်းသန်းမြင့် ရောက်ရှိလာပြီး နောက်အိမ်ထောင်ဖြစ်သူ အသက် ၅၁ နှစ်ရှိ ဦးကရင် (ခ) မြင့်ဇော်က အရှည်နှစ်ပေခန့်ရှိ တောခုတ်ဓားဖြင့် လိုက်ခုတ်သတ်ကြောင်း ပြောဆိုခဲ့ကြောင်း၊ ယင်းနောက် ဦးကရင် ရောက်ရှိလာကာ ၎င်းတို့ သားအမိနှစ်ဦးကို ညစ်ညမ်းစွာ ဆဲဆိုသဖြင့် ကိုအောင်ဆန်းဦးက ပထွေးဖြစ်သူထံ ဝင်ရောက်လုံးထွေး သတ်ပုတ်ခဲ့ရာမှ ဦးကရင် ကိုင်ဆောင်လာသော ဓားကိုလုယူကာ ပထွေး ဖြစ်သူကို ခုတ်သတ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကောင်လေးက အနေအေးတယ်။ မအေက နောက်အိမ်ထောင်ပြုတာ ခြောက်နှစ်လောက်တော့ ရှိပြီလို့ ကြားတယ်။ ပထွေးက အမြဲအရက်မူးပြီး ရစ်နေလို့ ကောင်လေးက သူ့ဟာသူ အိမ်ခွဲနေတာ။ ဖြစ်တဲ့နေ့ကလည်း အရက်သောက်ပြီး လင်မယား စကားများရာက မိန်းမကို ဓားနဲ့ခုတ်တော့၊ အမေ ကကြောက်ပြီး သားဆီ ပြေးရာကနေ ဖြစ်ရတာ” ဟု မင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

အဆိုပါ တောခုတ်ဓားဖြင့် ခုတ်မှုကြောင့် ပထွေးဖြစ်သူ ဦးကရင်၏ ညာဘက်ကုပ်ပိုးနှင့် ချိုစောင်းတို့တွင် ပြတ်ရှဒဏ်ရာ နှစ်ချက်ဖြင့် ယင်းနေရာတွင် သေဆုံးခဲ့ကြောင်း၊ ကိုအောင်ဆန်းဦးက ကျေးရွာရှိ အုပ်ချုပ်ရေးမှူးထံ ၎င်းလူသတ်ခဲ့ကြောင်း အကြောင်းကြားပြီး အဖမ်းခံခဲ့ရာ ဖောင်ကြီးနယ်မြေ ရဲစခန်းက (ပ) ၁၃၃/၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက် ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

The Voice  , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment