Pages

Pages - Menu

Monday, September 16, 2013

ပြည်လုံးကျွတ် သန်းခေါင်စာရင်း အပေါ် အခြေခံကာ နိုင်ငံတော် အနာဂတ် စီမံကိန်းများ ရေးဆွဲမည်

RangonNewsDaily:: September 16, 2013
နှစ်ပေါင်း သုံးဆယ်ကျော်အတွင်း တစ်ကျော့ပြန် လုပ်ဆောင်သည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုက ထွက်ပေါ်လာမည့် ကိန်းဂဏန်းများကို အခြေခံကာ နိုင်ငံတော် အနာဂတ်ဖွံ့ဖြိုးရေး စီမံကိန်းများ ရေးဆွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပြောကြားသည်။
၂၀၁၄ ခုနှစ်တွင် လုပ်ဆောင်မည့် ယင်းစီမံကိန်းသည် နိုင်ငံရေး၊ လူမျိုးရေးစသည့် အရေးအရာများအတွက် ဆောင်ရွက်ခြင်း မဟုတ်ဘဲ နိုင်ငံတော် ဖွံ့ဖြိုးရေး စီမံကိန်းများ အတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် တရားဝင် အသိအမှတ် ပြုထားသည့် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးထဲတွင် မပါဝင်သည့် လူမျိုးများက သန်းခေါင်စာရင်း ကောက်ယူရာတွင် ၎င်းတို့ လူမျိုးကို တရားဝင် သတ်မှတ်ပေးရန် စာဖြင့် တောင်းဆိုမှုများ ရှိကြောင်း၊ သန်းခေါင်စာရင်း ကောက်ခံမှုကို နိုင်ငံရေးနှင့် ရောနှော၍ မရကြောင်း ဦးခင်ရီက ဆက်လက်ပြောဆိုသည်။

“အစိုးရက ဘာလုပ်ပေးရမလဲဆိုတာ သိရအောင်လို့ လုပ်တာ။ လူမျိုးရေးကိစ္စက လွှတ်တော်မှာ ဆုံးဖြတ်ရမယ့်ကိစ္စ” ဟု ၎င်းက ရှင်းပြသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးနှင့် ဘာသာကြီး လေးမျိုး၊ နတ်ကိုးကွယ်သူများကို ထည့်သွင်းမည် ဖြစ်ပြီး ယင်းစာရင်းတွင် မပါဝင်သူများကို အခြားခေါင်းစဉ် အောက်တွင် ထည့်သွင်းသွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံမှ သိရှိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့နယ် ၂၀ တွင် စမ်းသပ် ကောက်ခံထားသည့် သန်းခေါင်စာရင်းများအရ အသက် ၁၅ နှစ်မှ ၅၉ နှစ်အရွယ် အလုပ်လုပ်ကိုင်နိုင်သူ ဦးရေသည် တစ်နိုင်ငံလုံး လူဦးရေ၏ ၆၄ ဒသမ ၅၉ ရာခိုင်နှုန်း ရှိနေ၍ လူဦးရေ ဆုလာဘ် (အလုပ်လုပ်နိုင်သူများနေသည့် အခြေအနေ) အခြေအနေတွင် ရှိကြောင်း ဦးခင်ရီက ဆိုသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ခန့်မှန်းစာရင်းများအရ မြန်မာနိုင်ငံတွင် လူဦးရေ ၆၀ ဒသမ ၉၈ သန်း၊ အိမ်ထောင်စု ၁၁ သန်း ရှိသည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan)

No comments:

Post a Comment