Pages

Pages - Menu

Saturday, September 28, 2013

အမေရိကန်နှင့် ဖိလစ်ပိုင် ပူးတွဲစစ်ရေး လေ့ကျင့်မှုကို တရုတ်အစိုးရ အထူးစိုးရိမ်

RangonNewsDaily:: September 28, 2013

တောင်တရုတ် ပင်လယ်ပြင်အနီး အမေရိကန်ပြည်ထောင်စုနှင့် ဖိလစ်ပိုင်နိုင်ငံတို့ လတ်တလော ပူးတွဲစစ်ရေး လေ့ကျင့်မှုနှင့် ပတ်သက်၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံက များစွာစိုးရိမ်မကင်း ဖြစ်လျက် ရှိကြောင်း The China Daily သတင်းစာက ရေးသား ဖော်ပြသည်။

အာရှဒေသတွင်း နိုင်ငံများအနေဖြင့် ဒေသတွင်း မဟုတ်သော ပြင်ပနိုင်ငံများကို ဆင်ခြင်တုံတရား ကင်းမဲ့စွာ ကျောထောက်နောက်ခံ မပြုရန် လိုအပ်သည်ဟု လတ်တလော အမေရိကန်ပြည်ထောင်စုနှင့် ဖိလစ်ပိုင်နိုင်ငံတို့ တောင်တရုတ် ပင်လယ်ပြင်အနီး ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို တရုတ်အစိုးရက ညွှန်းဆိုကာ သတိပေး ပြောကြားသည်။ 


“ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ချမ်းသာကြွယ်ဝမှု ဟူသည် ဒေသတွင်း ပြည်သူလူထု၏ ဆန္ဒဖြစ်ပြီး သက်ဆိုင်သူနိုင်ငံများ အားလုံးက ဝိုင်းဝန်း ထိန်းသိမ်းကြရမည် ဖြစ်သည်” ဟု တရုတ်အမျိုးသား ကာကွယ်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက သတင်းထုတ်ပြန်သည်။

“ဒေသတွင်း မဟုတ်သော ပြင်ပနိုင်ငံများ အနေဖြင့် သဘောထား ကွဲပြားအောင် ပြုလုပ်ခြင်းထက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အလေးပေးသည့် လုပ်ရပ်များအား ပိုမိုအသားပေး လုပ်ကိုင်သင့်သည်” ဟု ဆက်လက်ဖော်ပြသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပိုင်နက် အငြင်းပွားလျက် ရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သော ဖိလစ်ပိုင်သည် စက်တင်ဘာလ ၁၈ ရက်နေ့မှ စတင်ကာ အမေရိကန်ပြည်ထောင်စုနှင့် ရက်သတ္တ သုံးပတ် ကြာမြင့်မည့် ပူးတွဲစစ်ရေးလေ့ကျင့်မှု တစ်ရပ်ကို တောင်တရုတ် ပင်လယ်ပြင်အနီး ပြုလုပ်ခဲ့သည်။

AFP သတင်းဌာန အဆိုအရ အဆိုပါ စစ်ရေး လေ့ကျင့်မှုသည် ဖိလစ်ပိုင် စစ်ရေးအင်အား တိုးချဲ့ ရာတွင် အမေရိကန်ပြည်ထောင်စု၏ အကူအညီ ရရှိရေးနှင့် တောင်တရုတ် ပင်လယ်ပြင်တွင်း ပိုင်နက် အငြင်းပွားမှု၌ တရုတ်ပြည်၏ သြဇာလွှမ်းမိုးမှုကို ချိန်ခွင်လျှာ မျှနိုင်ရေးအတွက် လုပ်ဆောင်ခြင်းလည်း ဖြစ်သည်။

ထို့ပြင် ဖိလစ်ပိုင်သည် ဆူးဘစ်ပင် လယ်အော်ဒေသရှိ ယခင် အမေရိကန်ရေတပ် အခြေစိုက်စခန်း ဖွင့်လှစ်ခဲ့ရာ နေရာကို အမေရိကန် တပ်ဖွဲ့များအား ပြန်လည် အခြေစိုက်ခွင့်ပြုရန် ကြိုးပမ်းလျက် ရှိကြောင်း၊ သို့အတွက်ကြောင့် တောင်တရုတ် ပင်လယ်ပြင်တွင်း တရုတ်နိုင်ငံ၏ လှုပ်ရှားမှုများကို တန်ပြန် ချိန်ခွင်လျှာ မျှနိုင်မည်ဟု ယူဆထားကြောင်း Wall Street Journal သတင်းစာက ရေးသားဖော်ပြသည်။

ထိုသို့ အမေရိကန်နှင့် စစ်ရေး လေ့ကျင့်မှုများ တိုးမြင့်လာခြင်း၊ အမေရိကန် စစ်အခြေစိုက် စခန်းများ ခြေကုပ်ယူ ဖွင့်လှစ်လာခြင်းတို့ကြောင့် ဒေသတွင်း မတည်မငြိမ်မှုများ ဖြစ်လာနိုင်သည်ဟု စစ်ရေး ကျွမ်းကျင်သူများက သုံးသပ်သည်။ 


“ဝါရှင်တန်အနေနဲ့ အာရှပစိဖိတ် ဒေသတွင်း စစ်တပ် ဖြန့်ကျက်မှုတွေ တိုးမြှင့်လာတာနဲ့ ပတ်သက်ပြီး အထူးသတိထား သင့်ပါတယ်။ အဲဒီလို ဖြစ်ရပ်တွေက ဒေသတွင်း မတည်မငြိမ်မှုနဲ့ မသေချာ မရေရာမှု တွေကို ဖြစ်ပေါ်စေပါလိမ့်မယ်” ဟု တရုတ် ခေတ်ပြိုင် နိုင်ငံတကာ ဆက်ဆံရေး အင်စတီကျု၊ ဖိလစ်ပိုင်ရေးရာ လေ့လာရေးဌာနမှ သုတေသီတစ်ဦးက ပြောကြားသည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan)

No comments:

Post a Comment