Pages

Pages - Menu

Monday, September 30, 2013

ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ခြံမြေ ဈေးနှုန်းများ သတ်မှတ်ပြီးနောက် အရောင်းအ၀ယ် အေးလာ

RangonNewsDaily:: September 29, 2013
ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ခြံမြေ ဈေးနှုန်းများ သတ်မှတ်ပြီးနောက်တွင် အရောင်းအ၀ယ် အေးလာကြောင်း အိမ်ခြံမြေ ဈေးကွက်မှ စုံစမ်းသိရသည်။ ရန်ကုန်တိုင်း အတွင်းတွင် မြို့နယ်အလိုက် တစ်ပေပတ်လည် မြေဈေးနှုန်းများကို ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး)မှ စက်တင်ဘာလ အတွင်းက သတ်မှတ်ခဲ့ပြီးနောက် ယခုလက်ရှိတွင် အိမ်ခြံမြေ အရောင်းအ၀ယ် ဈေးကွက်တွင် အရောင်းအ၀ယ် အေးလျက်ရှိကြောင်း သိရသည်။ ယခု သတ်မှတ်လိုက်သည့် အိမ်ခြံမြေ ဈေးနှုန်းများမှာ အချက်အချာကျသည့် နေရာများတွင် ယခင်ပေါက်ဈေးထက် ပိုမိုနည်းပါးလျက် ရှိကြောင်းလည်း အိမ်ခြံမြေ အကျိုးဆောင်များက သုံးသပ်ပြောကြားသည်။

ယခုကဲ့သို့ သတ်မှတ်ခဲ့ခြင်းကို အစိုးရအနေနှင့် အခွန်မှန်မှန်ကန်ကန် ဆောင်စေခြင်းကြောင့်လား (သို့မဟုတ်)အိမ်ခြံမြေဈေးနှုန်း ကျဆင်းရန် ထိန်းချုပ်ခြင်းလား ဆိုသည်မှာ မေးခွန်ထုတ်စရာ ရှိလာပြီး ရည်ရွယ်ချက် တိကျမှန်ကန်ရန် လိုအပ်ကြောင်းလည်း အိမ်ခြံမြေ အကျိုးဆောင်များက သုံးသပ်ပြောကြားသည်။

"အရောင်းအ၀ယ်ကတော့ အခုလက်ရှိ တော်တော်နည်းနေတယ်။ အိမ်ခြံမြေ ဈေးကွက်ဆိုတာ ပုပ်ကုန်၊ သိုးကုန် ပစ္စည်းလည်း မဟုတ်ဘူး။ မော်တော်ကားလို မော်ဒယ်သစ် ပေါ်လာလို့ ဈေးလျှော့ရောင်းရမယ့် အမျိုးအစားလည်း မဟုတ်ဘူး။ အဲဒါကြောင့် လက်ရှိဝယ်ထားတဲ့ လူတွေကလည်း ထုတ်မရောင်းကြသလို ၀ယ်တဲ့သူတွေကလည်း စောင့်ကြည့်နေတယ်။ ငွေအရမ်းလိုတဲ့ လူတွေမှသာ ရောင်းကြတာ။ အစိုးရအနေနဲ့ အိမ်ခြံမြေဈေးနှုန်း ကျဆင်းချင်တယ် ဆိုရင်တော့ ရန်ကုန်မြို့မှာ လူဦးရေ တိုးပွားလာတာနဲ့အမျှ အိမ်ရာလိုအပ်ချက်တော့ ရှိမှာပဲ။ အဲဒီမှာ ရောင်းလိုအား၊ ၀ယ်လိုအား မမျှတော့ ဈေးတွေတက်ကုန်တယ်။ တကယ်ဈေးနှုန်း ကျစေချင်တယ် ဆိုရင်တော့ ရန်ကုန်မြို့အပြင် ဒုတိယစီးပွားရေး မြို့တော်အဖြစ် ထပ်ချဲ့ဖို့လိုမယ်။ အဲဒီလို ဆိုရင်တော့ အိမ်ခြံမြေဈေးနှုန်း ကျသွားမယ် ထင်ပါတယ်" ဟု estate myanmar အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ ဦးဟိန်းမိုးမြင့်လွင်က ပြောကြားသည်။

လက်ရှိတွင် အိမ်ခြံမြေ ရောင်းဝယ်မှုများအတွက် ၀င်ငွေခွန် ရာနှုန်း ၃၀ နှင့် တံဆိပ်ခေါင်းခွန် ၇ ရာခိုင်နှုန်း စုစုပေါင်း ၃၇ ရာခိုင်နှုန်း ပေးဆောင်နေရကြောင်း သိရသည်။

"အခုလို သတ်မှတ်တာက ကောင်းပါတယ်။ ဥပမာ သိန်းတစ်ရာတန် မြေကွက်ကို ၀ယ်မယ်ဆိုရင် ၀ယ်တဲ့သူ အနေနဲ့ ၁၃၇ သိန်း ရှိမယ်ဆို ၀ယ်လို့ရတယ်။ အများပြည်သူ အတွက်လည်း ကောင်းတယ်။ အစိုးရကို အခွန်ဆောင်မှလည်း ကိုယ့်အမည်ပေါက် ဖြစ်မှာဆိုတော့ ပြဿနာ အရှုပ်အရှင်းတွေလည်း နည်းသွားမယ်" ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှု အသင်းမှ အတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောကြားသည်။

ယင်းသို့ သတ်မှတ်ရခြင်းမှာ မြေနေရာ တန်ဖိုးအလိုက် တံဆိပ်ခေါင်းခွန်ကို အပြည့်အ၀ ဆောင်စေရန်နှင့် အခွန်တိမ်းရှောင်မှုကို ထိန်းချုပ်ရန် သတ်မှတ်ခြင်းဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယခုကဲ့သို့ သတ်မှတ်ပြီးပါက ကျန်တိုင်းနှင့် ပြည်နယ်များတွင်လည်း သတ်မှတ်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
Eleven Media , RangonNewsDaily
kolatt (Pabedan)

No comments:

Post a Comment