Pages

Pages - Menu

Saturday, July 27, 2013

မြန်မာ-ဂျပန်ကုန်သွယ်မှု သုံးဆနီးပါးတက်

RND: July 27, 2013

မြန်မာ-ဂျပန် နှစ်နိုင်ငံ ကုန်သွယ်မှုသည် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၂ ခုနှစ်အတွင်း အမေရိကန် ဒေါ်လာသန်းပေါင်း ၆၅၀ ကျော်မှ သန်းပေါင်း ၁၉၀၀ ကျော်အထိ သုံးဆနီးပါး မြင့်တက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအကြံပေး ဒေါက်တာ မောင်အောင်က ပြောကြားသည်။ ယင်းသို့ နှစ်နိုင်ငံကုန်သွယ်မှု မြင့်တက်လာသော်လည်း ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံဘက်မှ အမေရိကန်ဒေါ်လာ ၅၈၅ သန်းကျော် ကုန်သွယ်မှု လိုငွေပြခဲ့ကြောင်း ဂျပန်နိုင်ငံ အကောက်ခွန်ဌာန၏ စာရင်းတွင် ဖော်ပြထားသည်။

၂၀၁၀ ပြည့်နှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၅၀ ကျော်ရှိပြီး မြန်မာနိုင်ငံဘက်က ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကျော် ရှိခဲ့သော်လည်း ၂၀၁၂ ခုနှစ်တွင် ကုန်သွယ်မှု လိုငွေပြရခြင်းမှာ မြန်မာအစိုးရသစ်၏ မော်တော်ယာဉ် တင်သွင်းခွင့်မူဝါဒ ဖြေလျှော့မှုကြောင့် ဖြစ်ကြောင်း Japan External Trade Organization (JETRO) ရန်ကုန်ရုံးခွဲ၏ အကြီးတန်း အုပ်ချုပ်မှုဒါရိုက်တာ Mr. Masaki Takahara က ပြောကြားသည်။

၂၀၁၀ ပြည့်နှစ်တွင် မော်တော်ယာဉ်နှင့် ကုန်ကားတင်သွင်းမှု ကန်ဒေါ်လာသန်း ၅၀ ကျော်ရှိရာမှ ၂၀၁၁ ခုနှစ် မော်တော်ယာဉ် တင်သွင်းခွင့် စီမံချက်ကြောင့် ကန်ဒေါ်လာသန်း ၂၀၀ ကျော်နှင့် ၂၀၁၂ ခုနှစ်တွင် ကန်ဒေါ်လာ တစ်ဘီလီယံကျော်အထိ ဂျပန်နိုင်ငံမှ မော်တော်ယာဉ်နှင့် ကုန်တင်ယာဉ်များကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ကြောင်း ၎င်းကဆိုသည်။

ယင်းမော်တော်ယာဉ်နှင့် ကုန်တင်ယာဉ် တင်သွင်းမှုပမာဏသည် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ တင်သွင်းသည့် သွင်းကုန် စုစုပေါင်း၏ ၈၁ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပြန်လည်တင်ပို့မှုတွင် အထည်အလိပ်ကဏ္ဍသည် တင်ပို့မှုပမာဏ အများဆုံးဖြစ်ကာ တင်ပို့မှု စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကျော် ရှိကြောင်း ဂျပန်နိုင်ငံ အကောက်ခွန်ဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။

၂၀၁၁ ခုနှစ် အောက်တိုဘာလ ကုန်ပိုင်းမှစတင်ကာ ယာဉ်အို၊ ယာဉ်ဟောင်းများ အစားထိုး တင်သွင်းခွင့် စီမံချက်နှင့် တစ်ဦးချင်း လွတ်လပ်စွာ မော်တော်ယာဉ် တင်သွင်းခွင့် မူဝါဒများ ပြောင်းလဲလိုက်ခြင်းကြောင့် ၂၀၁၃ ခုနှစ် ဧပြီလကုန်အထိ မော်တော်ယာဉ်စုစုပေါင်း ၁၆၁,၈၁၃ စီးကို တင်သွင်းပြီး ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနက ထုတ်ပြန်ထားသည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan): 27.7.2013

No comments:

Post a Comment