Pages

Pages - Menu

Tuesday, July 30, 2013

ပျက်စီးသွားသည့် လားရှိုးဗလီ ပြန်လည် ပြုပြင်ပေးရန် တောင်းဆို

RangonNewsDaily:: July 30, 2013

လားရှိုးမြို့တွင် မေလ၂၈ရက်က ပဋိပက္ခများအတွင်း ထိခိုက်ပျက်စီးခဲ့သည့် အစ္စလမ်ဘာသာဝင်များ ၀တ်ပြုရာ ဗလီကို အစိုးရက ပြန်လည်ပြုပြင်ပေးရန် ဗလီ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာတင်အောင်က ဇူလိုင်လ၂၈ ရက်တွင် တောင်းဆိုလိုက်သည်။

“ဖျက်စီးခံခဲ့ရတာတွေ ပြန်လည်ပြုပြင်ပေးဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။ အကြမ်းဖက်မှုတွေ အရေးယူတဲ့ နေရာမှာလည်း အဓိက ဦးဆောင်ပြီး လုပ်ဆောင်ခဲ့သူတွေကို မိတယ်လို့ ကျွန်တော် မယူဆပါဘူး” ဟု မဇ္ဈိမကို ပြောသည်။

မီးလောင်ခဲ့သည့်ဗလီ ပျက်စီးသွားသည့် အစိတ်အပိုင်းများကို ပြုပြင်နိုင်ခြင်း မရှိသေးဘဲ၊ အတွင်းပိုင်း ၀တ်ပြုသည့်နေရာကို ပြန်လည်ဆေးသုတ်ခြင်း၊ ရှေ့မျက်နှာစာကို သံပန်းများ ပြန်လည်ကာရံရန် ပြင်ဆင်ခြင်း တို့ လုပ်ဆောင်ရန် ဗလီတာဝန်ရှိသူများက စီစဉ်လျက်ရှိနေသည်။

“ပြင်ဆင်နေတာတွေကို ပြည်နယ်အစိုးရက ကူညီထောက်ပံ့ပေးခြင်း မရှိပါဘူး။ ကျွန်တော်တို့ကို ဘယ်အဖွဲ့အစည်းကမှလည်း မကူညီပါဘူး။ မိမိတို့အစီစဉ်နဲ့ မိမိတို့ ပြန်လည် ပြုပြင်နေရခြင်း ဖြစ်ပါတယ်”ဟု လည်း ဒေါက်တာတင်အောင်က ပြောကြားသည်။

ယင်းအပြင် ဗုဒ္ဓဘာသာ၏ အဆုံးအမများသည် လူတစ်ဦးကို ယဉ်ကျေးသိမ်မွေ့စေပြီး၊ ပဋိပက္ခများ ဖြစ်ပေါ်ရခြင်းသည် လှုံ့ဆော်မှုများကြောင့်သာ ဖြစ်ရခြင်းဟုလည်း သူက ပြောသည်။

“မမှန်မကန် လှုံ့ဆော်မှုတွေဟာ ပဋိပက္ခဖြစ်အောင် လှုံ့ဆော်နေတယ်လို့ ယူဆပါတယ်။ အကြမ်းဖက်မှု ဖြစ်စဉ်တွေ ဖြစ်ပေါ်ခဲ့သူတွေဟာလည်း ဗုဒ္ဓဘာသာလို့ မယူဆပါဘူး။ လူတစ်စုတစ်ဖွဲ့က လုပ်ဆောင်နေခြင်းသာ ဖြစ်ပါတယ်။ ဗုဒ္ဓအဆုံးအမတွေဟာ တည်ငြိမ်တယ်၊ လူတစ်ယောက်ကို ယဉ်ကျေးစေပါတယ်၊ သိမ်မွေ့ပါတယ်”ဟု ပြောသည်။

မီးလောင်ခဲ့သည့် ဗလီကို ဇူလိုင်လ ၁၄ ရက်တွင် ရှမ်းပြည်နယ် ၀န်ကြီးချုပ်က သန့်ရှင်းရေး ပြုလုပ်စေပြီး ဇူလိုင်လ ၂၀ ရက်တွင် ဗလီအတွင်း ၀တ်ပြုခွင့်ကို ပြန်လည် ခွင့်ပြုလိုက်ပြီဖြစ်သည်။ အလားတူပင် မေလ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် အရေးပေါ်အခြေအနေအဖြစ် ပုဒ်မ ၁၄၄ ကိုလည်း ဇူလိုင်လ ၂၇ ရက်တွင် ပြန်လည် ရုတ်သိမ်းလိုက်ပြီဖြစ်သည်။

လားရှိုးမြို့တွင် မေလ ၂၈ ရက်က အမျိုးသမီးတစ်ဦး ဓာတ်ဆီလောင်း မီးရှို့ခံခဲ့ရရာမှ ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ အမျိုးသမီးကို ဓာတ်ဆီလောင်းခဲ့သူ ဦးနေ၀င်းကို လားရှိုးမြို့နယ် တရားရုံးက ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခဲ့သည်။

Mizzima News , RangonNewsDaily
kolatt (Pabedan): 30.7.2013

No comments:

Post a Comment