Pages

Pages - Menu

Wednesday, June 19, 2013

ဆိုင်ကယ် ကယ်ရီမောင်းသူကို ဓါးဖြင့်ထိုးပြီး ဆိုင်ကယ်လုယူထွက်ပြေးမှုဖြစ်

ဇွန်လ ၁၉ ရက် ၂၀၁၃ ခုနှစ်
ဆိုင်ကယ် ကယ်ရီမောင်းသူကို ဓါးဖြင့်ထိုးပြီး ဆိုင်ကယ်အား လုယူထွက်ပြေးမှုတစ်ခု ဒလမြို့နယ်တွင် ဖြစ်ပွားခဲ့ရာ သက်ဆိုင်ရာ ရဲစခန်းက ဇွန် ၁၇ ရက်တွင် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း ရန်ုကုန်တိုင်း ရဲတပ်ဖွဲ့ မှူးရုံး၏ မှုခင်းမှတ်တမ်းအရ သိရသည်။ ယင်းဖြစ်စဉ်မှာ ဇွန် ၁၆ ရက် ၊ည ၁ဝ နာရီ အချိန်က ဦးအေးမောင်(၅၅) နှစ်၊ ဆိုင်ကယ်ကယ်ရီမောင်း၊ ဘုရင့်နောင် (၂) လမ်း၊ ဘုရင့်နောင်ရပ်ကွက်၊ ဒလမြို့နယ် နေသူသည် ဆိုင်ကယ်ကယ်ရီမောင်းပြီး နေအိမ်သို့ ပြန်ခဲ့ရာ ဒလမြို့နယ်၊ မလိခလမ်းထိပ်သို့ အရောက်တွင် အသက်(၂၅) နှစ်ခန့်ရှိ လူငယ် နှစ်ဦး၊ (စုံစမ်းဆဲ)တို့ ရောက်ရှိလာပြီး ပျော်ဘွယ်လေး ကျေးရွာသို့
ငွေတစ်ထောင်ကျပ်နှင့် ကယ်ရီအားငှားရမ်းသဖြင့် လိုက်ပို့ခဲ့သည်။ 
၎င်းတို့ နှစ်ဦးသည် တွံတေးမြို့နယ်၊ ပိတ်စွယ်ကျေးရွာ၊ ဘုန်းကြီးကျောင်းရှေ့သို့ အရောက်တွင် ၎င်းတို့၏ သူငယ်ချင်းဖြစ်သူအား သွားရောက်ကြည့်ရှုပြီး မတွေ့သဖြင့် ဒလမြို့နယ် ဘက်သို့ ပြန်လည် မောင်းနှင်လာခဲ့သည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် ည ၁၂ နာရီ ကျော်အချိန်တွင် ဒလမြို့နယ်၊ တာကြီးကျေးရွာ၊ အနီးအရောက်တွင် ယင်းလူငယ် နှစ်ဦးက ဆိုင်ကယ်အားရပ်ခိုင်းပြီး ဦးအေးမောင်၏ နောက်ကပ်လျက်ထိုင် သူမှ ခါးစောင်းအား ဓါးဖြင့် စတင်ထိုးခဲ့ သည်ဟုလည်း ၎င်း၏ ရဲတိုင်ကြားချက်တွင် ထွက်ဆိုထားသည်။

အဆိုပါ ဓါးအား ယာလက်ဖြင့် ဖမ်းဆုပ်လိုက်သဖြင့် ခါးနှင့် လက်တို့တွင် ထိုးသွင်းပြတ်ရှဒဏ်ရာ ရရှိခဲ့ပြီး ကျန်တစ်ဦးက ဆိုင်ကယ်ပေါ်မှဆင်းပြီး အသင့်ပါလာသော ထီးဖြင့် ရိုက်ခဲ့သည်ဟုလည်း ရဲအားတိုင်ကြားထား သည်။

ထို့ကြောင့် နဖူးတွင် ပေါက်ပြဲဒဏ်ရာ၊ ဝဲမျက်ဝန်းနှင့် ဦးခေါင်းချိုစောင်းဖူးယောင် ဒဏ်ရာများရရှိခဲ့သဖြင့် ဒလဆေးရုံတွင် ပြင်ပလူနာအဖြစ် ကုသခဲ့ရသည်ဟုလည်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့ပြင် ၎င်းပိုင် ၂၉ဃ/၆၃၉ဝ၄ ဂျဲလမတ် ၁၁ဝ အနက်ရောင် ဆိုင်ကယ်အား မောင်းနှင် ထွက်ပြေးသွားသဖြင့် ပြစ်မှု ကျူးလွန်သူနှစ်ဦးအပေါ် စုံစမ်းအရေးယူပေးရန် အမှုဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်သည်။

ယင်းတိုင်တန်းမှုအား ဒလမြို့နယ် ရဲစခန်းက (ပ)၂၆၈/၁၃၊ ပြစ်မှုပုဒ်မ ၃၉၂ ဖြင့် ဇွန်လ ၁၇ ရက် နံနက် ၅ နာရီအချိန်ခန့်တွင် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူဟု တိုင်တန်းခံရသူများအား ဖမ်းဆီးရမိရေး စုံစမ်းလျက် ရှိသည်။

Mizzima - News, RangonNewsDaily
kolatt(PBDN): 19.6.2013

No comments:

Post a Comment