Pages

Pages - Menu

Sunday, May 26, 2013

အမှိုက်မှ လျှပ်စစ်ထုတ်လုပ်မည့် စီမံကိန်းတွင် ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီနှစ်ခုကိုသာ ရွေးချယ်သွားမည်

Sunday, May 26, 2013
အမှိုက်မှ လျှပ်စစ်ထုတ်လုပ်မည့် စီမံကိန်းတွင် ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီနှစ်ခုကိုသာ ရွေးချယ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးအောင်မြင့်မော်၏ ပြောကြားချက်အရ သိရသည်။ ယခုလက်ရှိတွင် ယင်းစီမံကိန်း ပြုလုပ်ရန်အတွက် ပဏာမ ရွေးချယ်ထားသော ကုမ္ပဏီ ၁၁ ခု ရှိသည့်အနက်မှ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံနိုင်မည့် ကုမ္ပဏီ နှစ်ခုကိုသာလျှင် ရွေးချယ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ထိုသို့ ရွေးချယ်ရာတွင် ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံနိုင်မည့် ကုမ္ပဏီများ၊ လစဉ်ပြုပြင် ထိန်းသိမ်းစရိတ်၊ အမှိုက်တစ်တန်အပေါ် ကောက်ခံနှုန်းထား၊ BOT နှစ်ကာလ ငှားရမ်းမှုနည်းသည့် ကုမ္ပဏီ၊ အကျိုးအမြတ် ခွဲဝေမှု၊ ၉၂ ရာခိုင်နှုန်း CNG နှင့် လျှပ်စစ်ထုတ်ယူနိုင်မှု၊ အနည်းဆုံး သက်သာသည့် စရိတ်နှင့် စွမ်းအင်ရောင်းချနိုင်မှု စသည်အချက်များကို အခြေခံကာ ကုမ္ပဏီနှစ်ခုကိုသာလျှင် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

"အခု ပဏာမ ရွေးချယ်ထားတဲ့ ကုမ္ပဏီ ၁၁ ခုက သြဂုတ် ၇ ရက် နောက်ဆုံးထားပြီး Final Full Proposal တင်ပြရမယ်။ အဲဒီရက် ကျော်လွန်ပြီး တင်တဲ့ကုမ္ပဏီတွေကို ထည့်ပြီးစဉ်းစားမှာ မဟုတ်ဘူး။ ကုမ္ပဏီ ၁၁ ခုထဲက နှစ်ခုကို ရွေးချယ်တဲ့ အခါမှာလည်း ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံနိုင်မည့် ကုမ္ပဏီနှစ်ခုကို ဦးစားပေး ရွေးချယ်သွားမှာပါ" ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဌာနမှူးဦးအောင်မြင့်မော်က ပြောကြားခဲ့သည်။

အမှိုက်မှ မီသိန်းဓာတ်ငွေ့ ထုတ်ယူပြီး ၎င်းမှ လျှပ်စစ်နှင့် ၉၂ ရာခိုင်နှုန်း သန့်စင်သော CNG ဓာတ်ငွေ့ ထုတ်ယူရန်အတွက် လှိုင်သာယာမြို့နယ်၊ ထိန်ပင်အမှိုက်ပုံကို ရွေးချယ်ထားပြီး မြောက်ဒဂုံမြို့နယ် ထားဝယ်ချောင်တွင်မူ မြေနေရာ ကျဉ်းမြောင်းသောကြောင့် အမှိုက်မီးရှို့စက်မှ လျှပ်စစ်ထုတ်ယူသည့် လုပ်ငန်းတစ်ခုတည်းကိုသာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

ထိန်ပင် အမှိုက်ပုံနေရာတွင် ကုမ္ပဏီငါးခုကို အမှိုက်မှ မီသိန်းဓာတ်ငွေ့ ထုတ်ယူပြီး ၎င်းမှ လျှပ်စစ်နှင့် ၉၂ ရာခိုင်နှုန်း သန့်စင်သော CNG ဓာတ်ငွေ့ ထုတ်ယူရန်အတွက် ပဏာမ ရွေးချယ်ထားကြောင်း သိရသည်။
ယင်းသို့ အမှိုက်မီးရှို့စက်မှ လျှပ်စစ်ထုတ်လုပ်မည့် လုပ်ငန်းကို ယခုနှစ်အတွင်းတွင် အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး ရရှိလာသည့် လျှပ်စစ်စွမ်းအင်များကို လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနှင့် ဆက်သွယ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

EMG , Rangonnewsdaily
RND:  :26.5.2013

No comments:

Post a Comment