Pages

Pages - Menu

Sunday, March 24, 2013

၃ ဒေါ်လာဖြင့် ဝယ်ယူခဲ့သည့် ပန်ကန်လုံး ဒေါ်လာ ၂ သန်းကျော် တန်ကြေးရှိသွား

chinese bowl

အမေရိကန် နိုင်ငံတွင် (၃)ဒေါ်လာဖြင့် ဝယ်ယူထားသည့် ရှေးဟောင်း ပစ္စည်းလေးတစ်ခုကို ပြန်လည် ရောင်းချရာတွင် ဒေါ်လာ (၂.၂)သန်း ရရှိသဖြင့် ပိုင်ရှင်ဖြစ်သူ ပွပေါက်တိုးသွားကြောင်း သိရှိရသည်။ အင်္ဂါနေ့ (မတ်လ ၁၉ ရက်) က ရှေးဟောင်း တရုတ်ရိုးရာ ပန်းကန်လုံးငယ်လေး တစ်ခုကို ဒေါ်လာ (၂.၂)သန်းဖြင့် နယူးယော့ခ် လေလံပွဲ တစ်ခုတွင် ရောင်းထွက်သွားခဲ့သည်။ အဆိုပါ ပန်းကန်လုံးငယ်မှာ တရုတ်နိုင်ငံတွင် မြောက်ပိုင်း ဆွန်မင်းဆက် အုပ်စိုးစဉ်က လက်ရာဖြစ်သည်။ ပန်းကန်လုံးကို လေလံတင် ရောင်းချခဲ့သော ပိုင်ရှင်မှာ စတင်ဝယ်ယူချိန်က (၃)ဒေါ်လာသာ အကုန်အကျ ရှိခဲ့ကြောင်း သတင်းများက ဆိုသည်။

ယင်းကို နယူးယော့ခ်မြို့ခံ မိသားစု တစ်ခုက ပိုင်ဆိုင်ပြီး (၂၀၀၇)ခုနှစ်ကမှ ဂိုဒေါင်ရှင်းသည့် နေရာတစ်ခုမှ ဝယ်ယူခဲ့ခြင်းဟု သိရှိရသည်။ ပန်းကန်လုံးကို အမြင့်ဆုံး ဈေးပေး ဝယ်ယူသူမှာ လန်ဒန်မှ ဂူဆက်ပီ အက်စ်ကန်နက်ဇီ ဆိုသူ ဖြစ်ကြောင်း BBCက ဖော်ပြခဲ့သည်။ 
 
ပန်းကန်လုံး ရောင်းချသည့် မိသားစု၏ အမည်ကိုမူ ဖော်ပြခြင်း မရှိချေ။ လေလံဌာနက အဆိုပါ ပန်းကန်လုံးကို ဒေါ်လာ နှစ်သိန်းနှင့် သုံးသိန်းကြားမျှ ဈေးရမည်ဟု ခန့်မှန်းခဲ့သော်လည်း (၁၀)ဆမျှ တန်ဖိုးမြင့်တက် ရရှိခဲ့ခြင်း ဖြစ်သည်။

ပန်းကန်လုံးသည် အကျယ် (၅)လက်မသာ ရှိပြီး အတွင်းနှင့် အပြင်တွင် ဆင်စွယ်ရောင် အဝိုက်လေးများဖြင့် အလှဆင်ထားသည်။ တရုတ်နိုင်ငံတွင် မြောက်ပိုင်း ဆွန်မင်းဆက်သည် ခရစ် သက္ကရာဇ် (၉၆၀)မှ (၁၁၂၇)ခုနှစ်များထိ စိုးစံခဲ့သည်။ 
 
ယခုရောင်းချသော ပန်းကန်လုံး၏ ပုံသဏ္ဍန်၊ အရွယ်အစားနှင့် အခြားအသေးစိတ် အချက်အလက်များ အားလုံးလိုလိုမှာ လန်ဒန်ရှိ ဗြိတိသျှ ပြတိုက်အတွင်းမှ ထိန်းသိမ်းထားသော ပန်းကန်လုံးနှင့် ထပ်တူနီးပါး ရှိနေကြောင်း Sotheby လေလံဌာနက ပြောကြားသွားသည်။

Source: LA Times,Rangonnewsdaily
RND:  :24.3.2013

No comments:

Post a Comment