Pages

Pages - Menu

Friday, February 22, 2013

ညီမလေးရေ နှင်းတွေ အေးစက် ပျံ့ကျဲလို့ . . .

ဒီနှစ် ဇန်န၀ါရီဟာ ပိုအေးတယ်လို့မထင်ဘူးလားညီမလေး
ဥာဉ့်နက်သန်းခေါင်ယံထဲက နှင်မှုံလေးတွေ
အလင်းတွေ ဟိုနေရာဒီနေရာစုပုံလို
လူ့ဘုံဘ၀ဟာဖြင့်ပူလောင်သောကတွေများလိုက်တာ . . ညီမလေးရေ . . . သမုဒယတွေခြယ်ထားတဲ့ကောင်းကင်နံရံမှာ
ငှက်ကလေးတွေ ပျံသန်းလို့
ရောင်နီကိုကြိုကြတယ်
မငိုပါနဲ့ ညီမလေး . . .
အချစ်+အလွမ်း = ပူဆွေးသောက
အဲဒီညီမျှခြင်းဟာ တခါခါ မှန်နေတတ်တယ်


တကယ်ဆို အိပ်မက်တွေဆိုတာ မျှော်လင့်ချက်ပါ
တကယ်ဆို မနက်ဖြန်ဆိုတာ အနာဂါတ်ပါ
ကိုယ့် အဇ္ဈတ္တကိုယ်မပိုင်သရွေ့
ငါတို့ တရွေ့ရွေ့ ခရီးသွား နေရမှာပေါ့ကွယ်


ညီမလေးရေ . . .
ဝေးကွာခြင်း/နီးစပ်ခြင်း = ကံ ဆိုတာယုံသလားဟင်
စိတ်တွေ . . .စိတ်တွေကို အမိမဖမ်းနိုင်သရွေ့
တကွေ့ကွေ့တော့ ငါတို့ မောက်မှားမှုတွေနဲ့ကြုံရမယ်
တကွေ့ကွေ့တော့ ငါတို့ အကြောက်တရားတွေနဲ့ကြုံရမယ်
ရန်ကုန်ဟာ ညဖက် မှ အစာရှာထွက်တဲ့ Vampire ပေါ့ကွဲ့


ကြည့်စမ်း . . . ကြယ်တွေ ရှိတယ်
ကြည့်စမ်း . . . ချစ်ခြင်းတရားတွေရှိတယ်
ကြည့်စမ်း . . . မေတ္တာတရားတွေရှိတယ်
အပူနဲ့အအေးကို မခွဲခြားနိုင်သမျှ
အနိုင်နဲ့အရှုံးဆိုတာ ဟာသမြောက်တဲ့ပြက်လုံးတွေပါ
ဒီလိုနဲ့ . . နှင်းတွေကလည်း တဖြည်းဖြည်းအေးစက်လာတယ်

ညီမလေးရေ . . .
ယုံကြည်ခြင်းကို အရှိတရားတွေအပေါ်အခြေမခံနဲ့
မှန်တဲ့ဖက်က နေတတ်တာ လူသားဆန်မှုပြယုဉ်ပါ
ဘယ်သူမှ နှုတ်ယူမရတဲ့ အစိတ်အပိုင်းဆိုတာ
ကိုယ်တွင်းဗီဇကိုခေါ်တယ်

သတိရခြင်းဆိုတာ ဖွဲမီးလိုလောင်ကျွမ်းစေသတဲ့
တမ်းတခြင်းဆိုတာ အိပ်မရတဲ့ညတွေကို ဖြစ်စေသတဲ့
ပူဆွေးခြင်းဆိုတာ ဒါဏ်ရာအနာတရတွေကိုဖြစ်စေသတဲ့
နှင်းကိုက်တဲ့ ညဟာ
ဝတ်ရည်တွေစိုလူး . . . . သန်းခေါင်ယံတွေကို ရူးရူးမူးမူးဖြစ်စေတယ်
တကယ်တော့လည်း အရာရာဟာ ဘာမှမထူးပါဘူးကွယ်

ညီမလေးရေ ....
တရားကိုနတ်စောင့်တယ် သီလကိုနတ်စောင့်တယ်
ဘယ်တော့မှ မလောက်ငှတဲ့လောဘကို ပယ်လို့
ဝယ်လို့ရတဲ့အထဲမှာ စာနာနားလည်မှုတွေမပါခဲ့
ခွင့်လွှတ်နားလည်ခြင်းတွေမပါခဲ့
တကယ်တော့ ဘ၀ဆိုတာတွေဟာ ခပ်ယဲ့ယဲ့တွေပါ

ထားပါတော့ ညီမလေးရယ်
လူတိုင်းကတော့အိပ်မက်မက်ခွင့်ရှိပါတယ်
နိုးထလာတဲ့အခါမှသာ လေပြည်ကိုနမ်းရှိုက်
အလိုက်အထိုက်ဖြတ်သန်းကြသော ခရီးသွားများဟာ ငါတို့ဖြစ်ခဲ့
ဘယ်တော့မှ မမဲ့နဲ့
ရွဲရွဲ့စောင်းစောင်း ဘ၀ကို ကောင်းအောင်ဖြတ်သန်းကြစို့ကွယ် ။

သက်တန့်ချို

No comments:

Post a Comment