Pages

Pages - Menu

Tuesday, January 1, 2013

ဒါကို ပြည်တွင်းစစ်လို့ ခေါ်သတဲ့ (ကဗျာ)


ဒါကို ပြည်တွင်းစစ်လို့ ခေါ်သတဲ့ !!!

မဟုတ်ဘူး။ မဟုတ်ဘူး။
အိမ်တွင်းသတ်ဖြတ်မှုလို့ ပြောင်းခေါ်မယ်။
အမိမြန်မာပြည်ရဲ့ မြေပုံပေါ်က တစ်နေရာမှာ
အမိရဲ့သားတွေအချင်းချင်း သတ်ကြဖြတ်ကြတာ။

သေနတ်နဲ့ သေနတ်ချင်း ... ပစ်ကြ
ဗုံးနဲ့ ဗုံးချင်း ... ခွင်းကြ
အလုံးတူ။ အရပ်တူ။
အရွယ်တူ။ ဆိုဒ်တူ။
ဘာလို့ဆို အားလုံးဟာ ညီအစ်ကိုတွေမို့လေ။

တစ်ယောက်က တစ်ယောက်ကို ပြောတယ်။
သူက ဆိုးတယ်တဲ့
ဆိုးလည်း သား။ လိမ္မာလည်း သား။

ခုလေးတင် ပေါက်ကွဲသွားတဲ့ ရေဒီယိုလေးတစ်လုံး
'အရာရာမှာ တိုင်တိုင်ပင်ပင် တွေ့ဆုံညှိနှိုင်းကာ
တစ်ဦးနဲ့တစ်ဦး ရိုင်းပင်းကြစို့အတည်' ... တဲ့
နောက်ဆုံးအသံကို လွှင့်ထုတ်သွားတယ်။

ခုလေးတင် ပျက်သုဉ်းသွားရတဲ့ အပြုံးလေးတစ်ပွင့်
ပြုံးနေကြတဲ့ ဆဲဆဲ
လက်တွေ တွဲယှက်နေကြဆဲ

ဒီစစ်ပွဲအတွင်းက
ဒိုင်းကနဲ သေနတ်သံတစ်ချက်
ငါတို့အားလုံးရဲ့နှလုံးသားကို တုန်ဟီးသွား
တို့အားလုံးရဲ့ ညီညွတ်စိတ်ကို
အလန့်တကြားဖြစ်စေတယ်

တိုင်းရင်းသားချင်း သတ်ကြတဲ့ပွဲမို့
ဒီသေနတ်သံဟာ တို့အားလုံးနဲ့ သက်ဆိုင်တယ်။

သေနတ်သံရဲ့အဆုံးမှာ
ငါတို့ထဲကတစ်ယောက်
ငါတို့မြေပေါ်ကို လဲကျသွားတယ်
အဲဒီသေနတ်သံကို ဖန်တီးသူကလဲ
ငါတို့ထဲက တစ်ယောက်ပဲဖြစ်နေတယ်။

ရင်ဘတ် ပွင့်ထွက်သွားတယ်။
ခြေထောက် ပြတ်သွားတယ်။
မျက်လုံး ထွက်သွားတယ်။
ဘယ်သူလဲ?
ဘယ်ဘက်ကလဲ?
မမေးပါနဲ့
မြန်မာတစ်ယောက်ဆိုတာ သေချာပါတယ်။

အကျအရှုံးစာရင်း ကောက်မနေပါနဲ့
မြန်မာတွေသေတယ်
ဒီတစ်ခွန်းတည်းနဲ့ လုံလောက်တယ်။

အကိုသတ်လို့ ညီလေးသေ
ဘကြီးပစ်လို့
တူမကလေးမှာ ဖအေမဲ့။
ဒါ ဘယ်လောက် ဆိုးလိုက်တဲ့ အဖြစ်ပါဘဲ။

ရာဇ၀င်မှာ ဘယ်လိုရေးကြမလဲ
ကမ္ဘာမှာ ဘယ်လိုတွေးကြမလဲ
မြန်မာတွေ ...
အချင်းချင်း သတ်ကုန်ကြပြီပေါ့။
နောက်ထပ်သမိုင်းအဆက်ဆက်မှာ
ဒီအကွက်ကြီးက မလှပါ။

မြန်မာ့သမိုင်းဟာ ရုပ်ရှင်တစ်ခုဆိုရင်
ဒီဇာတ်ဝင်ခန်းကိုတော့ ငါချန်လှပ်ထားချင်ရဲ့။

ငါ ဘယ်သူ့မှ အပစ်မပြောပါဘူး
စစ်သားဆိုတာတော့ ပစ်မိန့်ပေးရင် ပစ်ရမှာပဲ
ဒါပေမဲ့ ဆယ်စုနှစ်အဆက်ဆက်
တို့သေနတ်ပြောင်းဝဟာ
ကိုယ့်အချင်းချင်းရဲ့သွေးကိုချည်း
ဖော်ထုတ်ခဲ့တဲ့အဖြစ်က ခါးလွန်းတယ်။

မင်းဆီကသွေး
ငါ့ဆီကသွေး
ပေါင်းလို့ရတယ်။ နှောလို့ရတယ်။
အရင်းဇစ်မြစ်ထိ လိုက်ကြည့်လိုက်
တို့သွေးအားလုံး အတူတူပဲ။
အခု အဲဒီသွေးတွေ
တို့မြေပေါ်မှာ အိုင်ထွန်းနေပြီ။

ဘယ်ဘက်ကမှ ကူးလာတာ မဟုတ်ဘူး
ဘယ်ဘက်က လူတွေမှ မဟုတ်ဘူး
တစ်ရေတည်း တစ်မြေတည်းက လူတွေ
ညီအစ်ကိုတွေ မောင်နှမတွေ
သွေးသားအရင်းကြီးတွေ။

တစ်ယောက်က ဧရာဝတီအဖျားက
တစ်ယောက်က ဧရာဝတီအကြေက
ဆီးဆောတစ်ခုကို မြောက်နဲ့တောင် ထိုင်ခဲ့ကြသလိုပဲ

ဆီးဆောဆိုတာ တစ်ယောက်တစ်လှည့်
တစ်ဘက်က သာတာလည်းရှိမယ်။
တစ်ဘက်က နာတာလည်းရှိမယ်။
အလှည့်ပေးရမှာ ...
ညီအစ်ကိုချင်း တစ်ယောက်နဲ့တစ်ယောက်
အခွင့်ပေးရမှာ ... ။

ခုတော့ ...
ဧရာဝတီဟာ သူ့သားတွေရဲ့သွေးနဲ့
ချင်းချင်းနီနေပြီ။

မြန်မာက မြန်မာကို ဗုံးကြဲ
မြန်မာက မြန်မာကို မိုင်းထောင်
မြန်မာက မြန်မာကို ၀င်တိုက်
မြန်မာက မြန်မာကို ချောင်းပစ်

အကျည်းတန်လိုက်တဲ့လောကကြီးရယ်
မြန်မာတွေ သတ်လို့
မြန်မာတွေ သေကုန်ကြပြီ။

ဒီစစ်ပွဲပြီးသွားတဲ့အခါ
ဘာတွေ ကျန်မလဲ?
ဘယ်လို စာရင်းကောက်ကြမလဲ?

စစ်ဘေးဒုက္ခသည်တွေများစွာ
မြန်မာ့မြေပေါ်မှာ
ပြေးစရာ မြေမရှိ
ကိုယ့်နိုင်ငံ ကိုယ်နေရင်း
နေစရာပျောက်နေရတဲ့ အဖြစ်ပါပဲ။

ရှင်းပြစရာ စကားလုံးမရှိ
ဖြေသိမ့်စရာ စကားလုံးမရှိ
စစ်ဟာ အသံအားလုံးကို
တိတ်ခဲ့စေပေါ့။

ဘာ့အတွက်လည်း ဘာ့ကြောင့်လည်း
ဆင်ခြေတွေအားလုံးလည်း အသုံးမ၀င်တော့
သေချာတာက ...

မြန်မာ မြန်မာချင်းဖြစ်တဲ့ ဒီပွဲမှာ
ငါတို့အားလုံး
ရှုံးတယ်။
သွန်းနေစိုး Thorn Nay Soe

No comments:

Post a Comment