Pages

Pages - Menu

Sunday, January 27, 2013

စစ်မြေပြင်တွင် အမေရိကန်အမျိုးသမီးများ တိုက်ပွဲဝင်ရေး အကန့်အသတ်ရှိနိုင်သေး

စစ်မြေပြင်တွင် အမေရိကန်အမျိုးသမီးများ တိုက်ပွဲဝင်ရေး အကန့်အသတ်ရှိနိုင်သေး

ရှေ့တန်း စစ်မြေပြင်တွင် အမျိုးသမီးများ တာဝန် ထမ်းဆောင်ခွင့် ပိတ်ပင်ထားမှုကို အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က ပယ်ဖျက်ပေးလိုက်သော်လည်း လက်တွေ့တွင်မူ အမျိုးသမီးများ ရှေ့တန်း၌ စစ်မှုထမ်းရေးမှာ အကန့်အသတ် များစွာ ရှိနိုင်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။
ပင်တဂွန်က ရှေ့တန်း စစ်မျက်နှာပြင်တွင် အမျိုးသမီးများကို တာဝန်ထမ်းဆောင်ရန် ခွင့်ပြုပေးခဲ့ပြီဟု ကာကွယ်ရေးဌာန တာဝန်ရှိသူများက ပြောကြားခဲ့သော်လည်း ယင်းကို အကောင်အထည် ဖော်ရန်မှာမူ အနည်းဆုံး (၃)နှစ်မျှ အလေ့အကျင့် လိုအပ်ဖွယ် ရှိနေသည်။

အဓိကအားဖြင့် နည်းလမ်းတကျ စီစစ် သုံးသပ်မှုများ လိုအပ်သလို တိုက်ခိုက်ရေး ကဏ္ဍတွင် အမျိုးသမီးများ၏ ခံနိုင်ရည် စွမ်းအားနှင့် စိတ်ဓာတ် အခြေအနေတို့အပေါ် အလေးအနက် ဆင်ခြင်ရန် လိုအပ်နေဆဲ ဖြစ်သည်။ ပေါင်(၁၀၀)မျှ အလေးချိန်ရှိသည့် ဝန်ထုပ်ဝန်ပိုးများကို သယ်ဆောင်ကာ ခရီးရှည် ချီတက်ရခြင်းနှင့် သွေးသံရဲရဲ မြင်ကွင်းများအတွက် အမျိုးသမီးများ၏ တုံ့ပြန်နိုင်မှု စွမ်းရည်အပေါ် အကဲခတ်များက စိုးရိမ်နေသည်။

us army women

"ဒီအပြောင်းအလဲကြောင့် ကိုယ့်ဒုက္ခကိုယ် ရှာသလို မဖြစ်သွားဖို့တော့ ကျွန်မတို့ သေသေချာချာ သတိထားနေရမယ်"ဟု အမေရိကန် ပြည်သူ လေဘာတီ ယူနီယံမှ ဥပဒေ ပညာရှင် တစ်ဦးဖြစ်သော အဲလိဇဘက်သ် ဂီးလ်က မှတ်ချက်ပြုခဲ့သည်။ သူမသည် အမျိုးသမီး စစ်မှုထမ်းများအတွက် ရှေ့နေအဖြစ် ဆောင်ရွက်ပေးခဲ့သည့် အတွေ့အကြုံများ ရှိနှင့်ပြီး ဖြစ်သည်။ "စစ်ဘက်ဆိုင်ရာ မူဝါဒ အပြောင်းအလဲမှာ အမျိုးသမီးတွေ ထိခိုက်နစ်နာသွားတာမျိုး ကျွန်မတို့ မျက်မြင်တွေ့ခဲ့တာတွေလည်း ရှိတယ်လေ"ဟု အဲလိဇဘက်သ်က ဆိုသည်။

အမေရိကန် စစ်တပ်သည် အမျိုးသမီးများကို စစ်မှုထမ်းခွင့် ပေးထားသော်လည်း ရှေ့တန်း စစ်မျက်နှာပြင်နှင့် ပိုင်းခြားမှုကို (၁၉၄၈)ခုနှစ် ကွန်ဂရက် အက်ဥပဒေဖြင့် တားဆီးထားသည်။ ထို့ကြောင့်လည်း ကြည်းတပ်တွင် တာဝန်ထမ်းဆောင်သော အမျိုးသမီး အရာရှိများသည် နောက်တန်း စစ်မျက်နှာနှင့် လက်နက်ကြီးပစ်ကူ တပ်ဖွဲ့များတွင် အဓိက တာဝန်ယူရသည်။ အီရတ်နှင့် အာဖဂန် နစ္စတန်တို့တွင် ဖြစ်ပွားသော ဆယ်စုနှစ်နှင့်ချီသည့် စစ်ပွဲများတွင်မူ အမေရိကန် အမျိုးသမီး စစ်မှုထမ်း (၂၈၀၀၀၀)မျှသည် စစ်ပွဲဇုန်တွင် တာဝန် ထမ်းဆောင်လာရသည်။

"ကောင်းကွက်တွေလည်း ရှိတယ်။ ဆိုးကွက်တွေလည်း ရှိတယ်။ အမျိုးသမီးတွေဟာ ရှေ့တန်းမှာ သွေးအလူးလူးနဲ့ သေလုမြောပါး အခြေအနေတွေလည်း ဖြစ်နိုင်တယ်။ တစ်ဖက်မှာတော့ အရည်အချင်း ရှိရင် ရှိသလောက် စစ်ဘက်ဆိုင်ရာ အမြင့်ဆုံး ရာထူးတွေထိ တက်လှမ်းခွင့် ရှိလာနိုင်တယ်"ဟု (၂၀၀၄)ခုနှစ်က အီရတ်တွင် တိုက်ခိုက်ရေး ရဟတ်ယာဉ် မောင်းနှင်ရင်း RPG ထိမှန်ခြင်းကြောင့် ခြေထောက်နှစ်ဖက်လုံး ဆုံးရှုံးခဲ့ရသည့် အမျိုးသမီး စစ်မှုထမ်းဟောင်း တမ်မီ ဒါ့ခ်ဝေါ့သ်က ပြောကြားခဲ့သည်။

အမေရိကန်၏ စစ်မဟာမိတ် နိုင်ငံဖြစ်သော အစ္စရေးတွင်မူ အမျိုးသမီးများသည် အမျိုးသားများနှင့် လက်တွဲတိုက်ပွဲဝင်ခွင့် ပြဋ္ဌာန်းထားသည်။ နှစ်စဉ် အစ္စရေး စစ်သမီး (၁၅၀၀)ခန့်သည် မြေပြင် တိုက်ခိုက်ရေး တပ်ဖွဲ့များအတွင်း ဝင်ရောက် အမှုထမ်းနေပြီး စက်တင်ဘာလက အစ္စရေး အမျိုးသမီး Sniper လက်ဖြောင့်တပ်သား တစ်ဦးက အစ္စရေးနှင့် အီဂျစ် နယ်ခြားမှ ခိုးဝင်လာသည့် လက်နက်ကိုင် ရန်သူတပ်ဖွဲ့ဝင် တစ်ဦးအား ပစ်သတ်ခဲ့ဖူးသည်။

Source: Bloomberg

No comments:

Post a Comment