Pages

Pages - Menu

Friday, December 19, 2025

အမေရိကန် NASCAR ပြိုင်ကားမောင်းသမားနဲ့ သူ့မိသားစုလိုက်ပါလာတဲ့ လေယာဉ် ပျက်ကျပြီး (၆) ဦးစလုံး သေဆုံး



 19.December.2025

အမေရိကန်နိုင်ငံရဲ့ နာမည်ကြီး NASCAR ပြိုင်ကားမောင်း ဂန္ထဝင်တစ်ဦးဖြစ်သူ Greg Biffle အပါအဝင် သူ့ရဲ့ ဇနီး၊ ကလေး (၂) ဦးနဲ့ လေယာဉ်အမှုထမ်း (၂) ဦး စုစုပေါင်း လူ (၆) ဦး ကိုယ်ပိုင် ဂျက်လေယာဉ် ပျက်ကျမှုကြောင့် သေဆုံးသွားခဲ့ပါတယ်။
အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားပြည်နယ် Statesville Regional လေဆိပ်မှာ ဒေသစံတော်ချိန် ဒီဇင်ဘာလ (၁၈) ရက် မနက် (၁၀) နာရီ (၁၅) မိနစ်ဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။







လူ (၆) ဦးလိုက်ပါလာတဲ့ လေယာဉ်ဟာ ပျက်ကျပြီးနောက် မီးဟုန်းဟုန်းတောက် လောင်ကျွမ်းသွားခဲ့ပါတယ်။

လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားသူတွေဟာ Greg Biffle ၊ သူ့ရဲ့ဇနီး Christina Grossu ၊ သူတို့ရဲ့ (၅) နှစ်အရွယ် သားလေး Ryder နဲ့ Biffle ရဲ့ ပထမအိမ်ထောင်နဲ့ ရခဲ့တဲ့ (၁၄) နှစ်အရွယ် သမီးလေး Emma တို့ဖြစ်တယ်လို့ တာဝန်ရှိသူတွေနဲ့ မိတ်ဆွေတွေက အတည်ပြု ပြောကြားပါတယ်။

ဒီလေယာဉ်ပေါ်မှ လေယာဉ်အမှုထမ်း (၂) ဦးလည်း သေဆုံးခဲ့ပါတယ်။ လေယာဉ်က ပြေးလမ်းပေါ်မှာ ပေါက်ကွဲသွားပြီးနောက် မီးခိုးလုံးကြီးတွေ အလိိပ်လိုက် တက်လာတာကို မိုင်နဲ့ချီဝေးတဲ့ နေရာကနေပင် လှမ်းမြင်နေရတယ်လို့ ဆိုပါတယ်။

ပျက်ကျသွားတဲ့ လေယာဉ်ဟာ ခရီးသည် (၈) ဦးအထိ တင်ဆောင်နိုင်တဲ့ Cessna C550 အမျိုးအစား ကိုယ်ပိုင်ဂျက်လေယာဉ် ဖြစ်ပါတယ်။

လေယာဉ် ပျက်မကျခင်မှာ သိသာစွာ နိမ့်ဆင့်း ပျံသန်းလာတာ တွေ့လိုက်ရတယ်လို့ အနီးနားရှိ ဂေါက်ကွင်းတစ်ခုမှာ ရှိနေတဲ့ မျက်မြင်‌တွေ့လိုက်ရသူ တစ်ဦးက ဆိုပါတယ်။

အမေရိကန် လေကြောင်းထိန်းသိမ်းရေးအဖွဲ့ (FAA) က လေယာဉ်ဟာ ဆင်းသက်ဖို့ ကြိုးစားစဉ်မှာ ပျက်ကျခဲ့တယ်လို့ ပြောထားပြီး စုံစမ်းစစ်ဆေးမှုတွေ စတင် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

Statesville လေဆိပ်ဟာ ပြည်နယ်မြို့တော် Charlotte နဲ့ မိုင် (၄၀) ခန့်အကွာမှာ ရှိပြီး NASCAR ကားမောင်းပြိုင်ကွင်းတွေ၊ အသင်းတွေ အခြေစိုက်ရာ နေရာလည်း ဖြစ်ပါတယ်။

အခင်းဖြစ်ပွားချိန်မှာ မိုးရွာနေပြီး မြင်ကွင်း မရှင်းလင်းဘူးလို့ သိရပေမဲ့ ဒါဟာ မတော်တဆမှုကို ဖြစ်စေတဲ့ အကြောင်းရင်း ဟုတ်၊ မဟုတ်ကိုတော့ အတိအကျ မသိရသေးပါဘူး။

No comments:

Post a Comment