Pages

Pages - Menu

Tuesday, May 24, 2016

ပြည်ပမှ တင်သွင်းလာသည့် မော်တော်ယာဉ်များအပေါ် ဇွန် ၁ ရက်မှစပြီး ကြိုတင်ဝင်ငွေခွန် ကောက်ခံမည်ဖြစ်၍ ထောက်ကြန့် ကညနတွင် နံပါတ်ယူကားများ ပြားနေ


RangonNewsDaily::Tuesday. May 24.2016 
ဇွန် ၁ ရက်မှ စတင်ကာ ပြည်ပမှတင်သွင်းလာသည့် မော်တော်ယာဉ်များ အပေါ် ကြိုတင်ဝင်ငွေခွန် ကောက်ခံမည်ဖြစ်သဖြင့် ထောက်ကြန့်မြို့နယ်ရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် နံပါတ်ယူကားများ များပြားနေကြောင်း သတင်းရရှိသည်။
ထောက်ကြန့် ကညနရုံးတွင် ၂ တန်အောက်ယာဉ်များဖြစ်သည့် အိမ်စီးကားများကို နံပါတ်ထုတ်ပေးခြင်းကြောင့် ထိုသို့နံပါတ်ယူကားများ များပြားနေခြင်းဖြစ်ပြီး ရွာသာကြီး ကညနရုံးတွင် ၂ တန်အထက် ယာဉ်ကြီးများကို နံပါတ်ထုတ်ပေးကြောင်း သိရသည်။
.
“ထောက်ကြန့်ကညနမှာ ကားနံပါတ် လာယူတဲ့ကားတွေက အတော်ကိုများတယ်။ အဓိက ကတော့ ဇွန် ၁ ရက်မှာ ကောက်မယ့် ကြိုတင်ဝင်ငွေခွန်ကြောင့်ပဲ။ ဒီမှာဆိုရင် တစ်ရက် တစ်ရက်ကို နံပါတ်ယူဖို့လာတဲ့ကား အစီးရေက ၇၀၀ ကျော်လောက် ရှိနေတယ်” ဟု ထောက်ကြန့် ကညနတွင် မော်တော်ယာဉ် နံပါတ် လာရောက်ထုတ်ယူသူတစ်ဦးက ပြောကြားသည်။
.
ထောက်ကြန့် ကညနမှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့က ကားတွေကို နံပါတ်ပေး၊ ကားစစ်၊ ငွေတွက်/ငွေသွင်း၊ စာအုပ်ထုတ် စသည်ဖြင့် ဆောင်ရွက်ပေးနေပါတယ်။ ကျွန်တော်တို့က လုပ်ငန်းကို မြန်မြန်ဆန်ဆန်ပြီးအောင် ဆောင်ရွက်ပေးနေပါတယ်” ဟု ပြောကြားသည်။
.
ထောက်ကြန့်ကညနမှ မေလဆန်းမှ မေ ၁၉ ရက်အထိ ကားအစီးရေ ၆၆၀၀ ကျော်ကို နံပတ်ထုတ်ပေးပြီးဖြစ်ကြောင်း ထောက်ကြန့် ကညနမှ ထုတ်ပြန်ပေးသော စာရင်းအရ သိရသည်။
.
ပြည်ပမှ တင်သွင်းလာသည့် ယာဉ်များအား One Stop Service ဖြင့် ကြိုတင်ဝင်ငွေခွန် ကောက်ခံမည့် လုပ်ငန်းအစီအစဉ်အား ဇွန် ၁ ရက်တွင် စတင် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
.
အထက်ပါ One Stop Service ဖြင့် ကြိုတင်ဝင်ငွေခွန် ကောက်ခံမည့် လုပ်ငန်းအစီအစဉ်အား ဇွန် ၁ ရက်မှစ၍ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးများတွင် ဆောင်ရွက်သွားမည်ဖြစ်သည်။
.
ထိုသို့ ကောက်ခံရာတွင် ပြည်ပမှတင်သွင်းလာသည့် မော်တော်ယာဉ်အမျိုးမျိုးအတွက် အသုံးပြုသည့် ငွေကြေးအဖြစ် အကောက်ခွန် စည်းကြပ်တန်ဖိုး၊ ကျသင့်အကောက်ခွန်၊ ကျသင့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ပါဝင်သည့် စုစုပေါင်းတန်ဖိုးကို သတ်မှတ်ပြီး ယင်းတန်ဖိုးအပေါ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ စည်းကြပ်မှုမှ လွတ်ကင်းနေသည့် ၀င်ငွေအပေါ် ကောက်ခံရမည့် ၀င်ငွေခွန်နှုန်းဖြင့် ကြိုတင်ခွန် တွက်ချက် ကောက်ခံ သွားမည် ဖြစ်သည်။ 
.
ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ ယာဉ်တန်ဖိုး ကျပ်သိန်း ၃၀၀ မကျော်လျှင် အခွန် ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀၀ အထိဆိုပါက ရာခိုင်နှုန်း ၂၀၊ ကျပ်သိန်း ၁၀၀၀ အထက်ဆိုပါက ရာခိုင်နှုန်း ၃၀ အခွန် ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကြိုတင်ဝင်ငွေခွန် ကောက်ခံမှုသည် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ခွင့်ပြုရန်ပုံငွေအဖြစ် တင်သွင်းသည့် မော်တော်ယာဉ်များ၊ နာရေးယာဉ်များ၊ မီးသတ်ယာဉ်များ၊ ဘာသာရေး ကုသိုလ်ရေးသက်သက် ဆောင်ရွက်သည့် အဖွဲ့အစည်းပိုင် မော်တော်ယာဉ်များ၊ နိုင်ငံတော်သို့ လှူဒါန်းထောက်ပံ့သည့်ယာဉ်များ၊ လှူဒါန်းရန်တင်သွင်းလာသည့်ယာဉ်များ သံတမန်များ၊ သံရုံးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများက တင်းသွင်းလာသည့် ယာဉ်များနှင့် ၀င်ငွေခွန် ကင်းလွတ်ခွင့်ရရှိသည့် ကာလအတွင်း တင်သွင်းသည့်ယာဉ်များ အပေါ် ကြိုတင်ခွန်ကောက်ခံမည် မဟုတ်ကြောင်း သိရသည်။
.
ကျသင့်အခွန်ကို သွင်းကုန်လိုင်စင် (သို့မဟုတ်) သွင်းကုန်ကြေညာလွှာ (သို့မဟုတ်)အရောင်းပြခန်းမှ ၀ယ်ယူခွင့်လက်မှတ်တွင် ပါရှိသူအမည်ဖြင့် ပေးဆောင်ရမည်ဖြစ်ပြီး ယာဉ်ကိုရွေးယူစဉ် အကောက်ခွန်ဦးစီးဌာနတွင် ကြိုတင်ဝင်ငွေခွန် ပေးဆောင်ခဲ့ပါက တွက်ချက်ရသည့် ၀င်ငွေခွန်မှ ပေးဆောင်ခဲ့ရသည့် ၀င်ငွေခွန်ကိုနုတ်၍ ကျန်အခွန်ငွေကို ကြိုတင်ဝင်ငွေခွန်အဖြစ် ပေးဆောင်ရမည် ဖြစ်သည်။
.
ယာဉ်တင်သွင်းသူသည် ယာဉ်တန်ဖိုးအတွက် အသုံးပြုသည့် ၀င်ငွေအပေါ် ၀င်ငွေရလမ်း ပြလိုပါက နေထိုင်ရာမြို့နယ်ရှိ အခွန်ရုံးသို့ သွားရောက်တင်ပြပြီး သက်ဆိုင်ရာ အခွန်ဦးစီးရုံးတွင် ယာဉ်၏ ကာလတန်ဖိုးအပေါ် ၀င်ငွေရလမ်း တင်ပြရမည်ဖြစ်ပြီး ၀င်ငွေရလမ်း အပြည့်အ၀ တင်ပြနိုင်ခြင်းကြောင့် ၀င်ငွေခွန် ပေးသွင်းရန်လိုအပ်ခြင်းမရှိပါက ပေးသွင်းခဲ့သည့် ကြိုတင်ဝင်ငွေခွန်ကို အခွန်ရုံးက ပြန်အမ်းငွေအဖြစ် ပြန်လည်ထုတ်ပေးမည်ဖြစ်သည်။
.
ထို့အပြင် ကုမ္ပဏီများက ကိုယ်တိုင်တင်သွင်း၍ တင်သွင်းသည့် ကုမ္ပဏီအမည်ဖြင့် ယာဉ်မှတ်ပုံတင်ခြင်းဖြစ်ပါက ကနဦး ယာဉ်မှတ်ပုံတင်ခြင်းအတွက် ကြိုတင်ဝင်ငွေခွန် ထပ်မံ ပေးဆောင်ရန်မလိုကြောင်း သိရသည်။
Photo: ထောက်ကြန့် ကညနတွင် နံပါတ်ယူ စောင့်ဆိုင်နေသော မော်တော်ယာဉ် များကို မေ ၂၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - အောင်မြတ်ကို)
Writer: အောင်မြတ်ကို/ EMG::--KOLATT(PBDN)

RangonNewsDaily





No comments:

Post a Comment