Pages

Pages - Menu

Monday, February 29, 2016

စစ်တွေမြို့နယ်အတွင်း န၀မတန်း စာမေးပွဲ နောက်ဆုံးနေ့တွင် မေးခွန်း ပေါက်ကြားခဲ့သောကြောင့် စာမေးပွဲ ဖြေဆိုချိန် ပြောင်းလဲခဲ့ရ

RangonNewsDaily:: February . 29 .2016
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်း န၀မတန်း စာမေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်မှ စတင် စစ်ဆေးလျက်ရှိရာ စာမေးပွဲ နောက်ဆုံးနေ့အဖြစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် ဖြေဆိုမည့် ဇီဝဗေဒ ဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာတို့မှာ ပေါက်ကြားခဲ့ကြောင်းနှင့် နေ့စဉ်ဖြေဆိုနေကျ နံနက် ၉ နာရီအစား မွန်းလွဲ ၁ နာရီသို့ ပြောင်းလဲ ဖြေဆိုစေခဲ့သည်။

အဆိုပါ မေးခွန်းများသည် အင်တာနက် လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ကြောင်းနှင့် ယခင်ရက်များကလည်း မေးခွန်းပေါက်ကြားမှုများ ရှိခဲ့သည့် သတင်းများ ပျံ့နှံ့ခဲ့ကြောင်းလည်း စစ်တွေဒေသခံများက ပြောဆိုကြသည်။

ယင်းသို့ ပေါက်ကြားခဲ့သည့် အတွက် အရန်မေးခွန်းလွှာဖြင့် အစားထိုး စစ်ဆေးခဲ့ပြီး စာမေးပွဲအား ပုံမှန်စစ်ဆေးနေသည့် နံနက် ၉ နာရီတွင် စစ်ဆေးမှု ပြုလုပ်မည် မဟုတ်တော့ဘဲ မွန်းလွဲ ၁ နာရီသို့ ပြောင်းလဲ စစ်ဆေးရန် စစ်တွေမြို့နယ် အတွင်းမှ စာစစ်ဌာန ကျောင်းများသို့ ညွန်ကြားချက်များ ထုတ်ခဲ့ကြောင်းလည်း သိရသည်။

ယင်းနှင့် ပတ်သက်ပြီး စစ်တွေမြို့နယ် ပညာရေးမှူး ဦးသန်းကျော်က "မေးခွန်းပေါက်တယ် ဆိုတာထက် န၀မတန်း မေးခွန်းပေါက်တယ်ဆိုပြီး ကျွန်တော်တို့ ကြားပါတယ်။ အင်တာနက် facebook စာမျက်နှာတွေမှာ တင်ထားတာတွေကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် စာမေးပွဲကို ပုံမှန်စစ်နေကျ နံနက် ၉ နာရီမှာ မစစ်တော့ဘူး။ ၁ နာရီမှာ စစ်ဖို့ ညွှန်ကြားထားပါတယ်။ မေးခွန်းကိုလည်း အရန်မေးခွန်းနဲ့ပဲ စစ်ဆေးခဲ့တယ်။ ဘယ်လိုပေါက်ကြားမှု ဖြစ်တယ်ဆိုတာကို လေ့လာ စုံစမ်းနေပါတယ်" ဟု ပြောကြားသည်။

ပေါက်ကြားခဲ့သော မေးခွန်းတချို့ကို လူမှုကွန်ရက် စာမျက်နှာများတွင် ယခင်နေ့များကလည်း တွေ့ရှိခဲ့ကြောင်းနှင့် ကျောင်းသားမိဘများနှင့် ကျောင်းသားများအကြား ထိုသတင်း ပျံ့နှံ့နေခဲ့သော်လည်း မသေချာခဲ့သည့်တိုင် စာမေးပွဲ နောက်ဆုံးနေ့တွင် ပေါက်ကြားသော မေးခွန်းမှာ ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းမှ စတင်ကာ အင်တာနက်တွင် ပျံ့ နှံ့နေခဲ့ခြင်း ဖြစ်သည်။ ယင်းနှင့် ပတ်သက်ပြီး ကျောင်းဆရာအငြိမ်းစား တစ်ဦးဖြစ်သူ ဦးသန်းထွန်းက "ဆရာတွေရဲ့ ကျင့်ဝတ် သိက္ခာအရဆိုရင် စာမေးပွဲ မေးခွန်းဆိုတာ အမြင့်ဆုံး သိက္ခာတစ်ခုပါပဲ။ ဒါပေမဲ့ အခုလို မေးခွန်းပေါက်ကြားတာဟာ ဆရာအပေါ်မှာ တာဝန်ရှိသလား၊ တခြားပညာရေး ၀န်ထမ်းအပေါ်မှာ တာဝန်ရှိသလား ဆိုတာကိုတော့ အတိကျ မသိဘူး။ သို့သော် မေးခွန်းစလုပ်တဲ့ အချိန်ကစပြီး စာမေးပွဲခန်းထဲ ရောက်တဲ့အထိ တာဝန်ဟာ မေးခွန်းပိုင်ရှင်ရဲ့တာဝန်သာ ဖြစ်ရမယ်။ ဒါပေမဲ့ ပညာရေးတစ်ခုမှာ စာမေးပွဲ မေးခွန်းပေါက်တယ် ဆိုတာဟာ အပြင်မှာရာဇ၀တ်မှု တစ်ခု ကျူးလွန်တာထက် ဆိုးပါတယ်" ဟု ဆိုသည်။
EMG , RangonNewsDaily




No comments:

Post a Comment