Pages

Pages - Menu

Friday, October 2, 2015

မန္တလေးတိုင်းဒေသကြီးတွင် မဲစာရင်းအမည်မပါ၍ လျှောက်ထားသူ ခုနစ်သောင်းကျော်ရှိ

RangonNewsDaily:: October . 2 .2015
မန္တလေးတိုင်းဒေသကြီးအတွင်း နောက်ဆုံးအကြိမ် ထုတ်ပြန်သည့် အခြေခံမဲစာရင်းတွင် အမည်စာရင်း၌ အမည် မပါ၍ ဖြည့်စွက်လျှောက်ထားသူ ခုနစ်သောင်းကျော်ရှိကြောင်း တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သတင်းရရှိ သည်။

မဲစာရင်းမှားယွင်းမှုများ ပြင်ဆင်နိုင်ရန် ယခုလအတွင်း နောက်ဆုံးအကြိမ် ထုတ်ပြန်ကြေညာခဲ့ရာ မဲစာရင်းတွင် အမည်မပါ၍ ပုံစံ(၃) ဖြင့် ဖြည့်စွက် လျှောက်ထားသူ ၇၀,၀၁၆ ဦး၊ မဲ စာရင်းအချက်အလက်များ မမှန်ကန်၍ ပုံစံ ၄(ဂ)ဖြင့် ပြင်ဆင် လျှောက်ထားသူ ၇၇,၁၈၁ ဦးနှင့် သေဆုံးခဲ့ပြီးသူများ မဲစာရင်းတွင် ပါဝင်နေ၍ ပုံစံ (၄)ဖြင့် ပယ်ဖျက် သူ ၁၅,၁၁၅ဦးရှိကြောင်း တိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်ခုနစ်ခုတွင် မန္တလေး ခရိုင်သည် မဲစာရင်းအမည်မပါ၍ ဖြည့်စွက်ထည့်သွင်းပေးရန် လျှောက်ထားသူ အများဆုံးဖြစ်ပြီး စုစုပေါင်း ၂၆,၀၀၀ ကျော်ရှိ သည်။ ညောင်ဦးခရိုင်သည် မဲစာရင်းတွင် အမည်မပါ၍ လျှောက်ထားသူ စုစုပေါင်း ၁,၆၀၀ ကျော် ရှိခဲ့သည်။

‘‘မဲစာရင်းလာကြည့်သူကတော့ များပါတယ်။ မဲစာရင်းမှာ အမည့်ပါနေတဲ့သူများတော့ ဖြည့်စွက်လျှောက်တဲ့သူ နည်းတာ ထင်ပါတယ်။ ညောင်ဦးမှာက မဲစာရင်းတွေ စတင်ထုတ်ပြန် ချိန်ကတည်းက သိပ်ပြီး အမှားအယွင်းမရှိပါဘူး’’ဟု ညောင်ဦး ခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးရွှေကပြောသည်။

လက်ရှိထုတ်ပြန်ခဲ့သော မဲစာရင်းများနှင့်ပတ်သက်၍ ၃၀ ရာခိုင်နှုန်းသာ မှန်ကန်မည်ဟု အာမခံနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထား သည်။ မဲစာရင်းအမှားများ ပြင်ဆင်နိုင်ရန် စက်တင်ဘာ ၁၄ ရက် မှ ၂၇ ရက်အထိ နောက်ဆုံးအကြိမ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သော် လည်း သွားလာရေးခက်ခဲပြီး မဲစာရင်းကပ်ချိန်နောက်ကျခဲ့သည့် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်အတွင်း မြစ်ရေ၀င် ကျေးရွာ ၁၃ ရွာကို အောက်တိုဘာ ၄ရက်အထိ မဲစာရင်းများ ကပ်ထားကြေညာမည်ဖြစ်ပြီး အမှားအယွင်းများ ပြင်ဆင်နိုင် မည်ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်နှင့် ၎င်းတို့၏ မိသားစုဝင်များ အပါအ၀င်မဲဆန္ဒရှင် ၄,၁၇၃,၀၀၀ ကျော်ရှိသည်။
7Day Daily, KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment