Pages

Pages - Menu

Thursday, June 4, 2015

တရုတ်နိုင်ငံ ယန်ဇီမြစ် သင်္ဘောနစ်မြုပ်မှု သေဆုံးသူ အရေအတွက် ၆၅ ဦးထိ ရှိလာ


RangonNewsDaily:: June . 4 .2015
တရုတ်နိုင်ငံ၊ ယန်ဇီမြစ်အတွင်း ခရီးသည်တင်သင်္ဘော တိမ်းမှောက်နစ်မြုပ်မှု၌ သေဆုံးသူ အရေအတွက်သည် ၆၅ ဦးထိ ရှိလာကြောင်း သတင်းရရှိသည်။

ဇွန်လ ၃ ရက် ညပိုင်းတွင် ရေငုပ်ရှာဖွေမှုများအရ နောက်ထပ် ရုပ်အလောင်း ၃၉ လောင်းကို ထပ်မံဆယ်ယူနိုင်ခဲ့ကြောင်း CCTV သတင်းဌာနက ကြေညာခဲ့သလို အသေအပျောက် ပမာဏသည် ၆၅ ဦးထိ အတည်ပြုနိုင်ပြီဟု သိရသည်။ သို့သော်လည်း သက်ကြီးရွယ်အို အများစု အပါအ၀င် လူပေါင်း ၃၇၀ ကျော်မှာမူ ပျောက်ဆုံးနေဆဲ ဖြစ်သည်။

လေဆင်နှာမောင်းတစ်ခုနှင့် ရုတ်တရက်တိုးပြီး နစ်မြုပ်သွားသည့် သင်္ဘောပေါ်တွင် လူပေါင်း ၄၅၆ ဦး လိုက်ပါခဲ့ပြီး ၁၄ ဦးကိုသာ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည်။ အသက်ရှင် လွတ်မြောက်လာသူများတွင် သင်္ဘောကပ္ပတိန်နှင့် အင်ဂျင်နီယာချုပ်တို့လည်း အပါအဝင်ဖြစ်သည်။





ပြောင်းပြန်လန်ကာ တိမ်းမှောက်နေသည့် သင်္ဘောကိုယ်ထည်ထဲတွင် ပိတ်မိနေသူများ ရှိနေမည် ဖြစ်သော်လည်း ၎င်းတို့အတွက် မျှော်လင့်ချက် အလွန်နည်းနေပြီဟု ကယ်ဆယ်ရေးများက ဝန်ခံခဲ့သည်။ သင်္ဘောနစ်မြုပ်သည်မှာ သုံးရက်မျှ ကြာမြင့်လာပြီဖြစ်ပြီး အကယ်၍ ပျောက်ဆုံးနေသူအားလုံး သေဆုံးခဲ့ပါက ယခုဖြစ်ရပ်သည် တရုတ်ရေကြောင်းသွားလာမှု သမိုင်းတွင် နှစ်ပေါင်း ၇၀ မျှအတွင်း အဆိုးဆုံး မတော်တဆမှု တစ်ခုအနေဖြင့် မှတ်တမ်းဝင်လာဖွယ် ရှိနေသည်။

ကယ်ဆယ်ရေးများကမူ တိမ်းမှောက်နေသော သင်္ဘောအတွင်း လေဟာနယ် နေရာလွတ်များ ဖြစ်ပေါ်နေပြီး အသက်ရှင်သူများ ခိုအောင်း ကျန်ရှိနေဦးမည်ဟု ယုံကြည်နေဆဲ ဖြစ်သည်။ “သင်္ဘောက အချိန်တိုလေး အတွင်းမှာတင် နစ်မြုပ်သွားတာ။ ဒီအခြေအနေအရ ကိုယ်ထည်ထဲမှာ လေဟာနယ် နေရာလေးတွေ ကျန်နေနိုင်သေးတယ်”ဟု တရုတ် ရေကြောင်း အင်ဂျင်နီယာ တက္ကသိုလ်မှ ပညာရှင် တစ်ဦးဖြစ်သူ လီရှီဇူးက ပြောကြားခဲ့သည်။ ၎င်းက “အဓိပ္ပါယ်ကတော့ အထဲမှာ အသက်ရှင်နေသူတွေ ကျန်နိုင်သေးတယ်ဆိုတဲ့ သဘောပါ”ဟုလည်း ဆိုသည်။

ကယ်ဆယ်ရေးများသည် တိမ်းမှောက်နေသည့် Eastern Star သင်္ဘော၏ ဝမ်းဗိုက်ဘက်ခြမ်းတွင် အပေါက်ငယ်များဖောက်ကာ အတွင်း၌ အသက်ရှင် ကျန်နေသူများကို လိုက်လံရှာဖွေနေသော်လည်း လက်ရှိအချိန်ထိ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ရှာမတွေ့သေးကြောင်း သိရသည်။

လတ်တလောတွင် အာဏာပိုင် အဖွဲ့အစည်းများက ရှာဖွေရေး လုပ်ငန်းများနှင့် ပတ်သက်၍ သတင်းအချက်အလက် ထုတ်ပြန်ပေးမှု အားနည်းခြင်းအပေါ် သက်ဆိုင်ရာ မိသားစုများက အကြီးအကျယ် ဒေါသထွက်နေကြောင်း သိရသည်။ ဇွန် ၄ ရက် နံနက်ပိုင်းတွင် ပျောက်ဆုံးနေသူများ၏ မိသားစုများက မြစ်ကမ်းနံဘေးတွင် စုရုံးလာကြရာ ရဲများက ကြားဖြတ် တားဆီးထားရသည်။

“အစိုးရဟာ ကျွန်တော်တို့အရေးကို လုံးဝ စိတ်မဝင်စားတာ သိသာလာပြီ။ ကိုယ့်ဆွေမျိုးတွေနဲ့ အနီးကပ်ဆုံး ဖြစ်နေဖို့ ကျွန်တော်တို့ လိုလားပါတယ်”ဟု မိဘနှစ်ပါးစလုံး သင်္ဘောပေါ် ပါသွားသည့် အသက် ၄၀ အရွယ် ကောင်ဖန်းဆိုသူက ပြောကြားခဲ့သည်။ Eastern Star သင်္ဘောသည် နန်ဂျင်းမှ ချုံကင်းသို့ ၁၁ ရက်ကြာ ခရီးစဉ်အဖြစ် ဆန်တက် ခုတ်မောင်းစဉ် ယခုကဲ့သို့ မတော်တဆမှု ကြုံခဲ့ခြင်း ဖြစ်သည်။
Ref: Reuters,7Day Daily , KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment