![]() |
အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့တော်ရှိ လွှတ်တော် အဆောက်အအုံကို တာလီဘန် စစ်သွေးကြွများက တိုက်ခိုက်ခဲ့မှုကို အောင်မြင်စွာ တုံ့ပြန်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ဇွန်လ ၂၂ ရက် တိုက်ခိုက်မှုတွင် သေနတ်သမားများသည် လွှတ်တော်အဆောက်အအုံ အရှေ့ဘက်ဂိတ်ကို အင်အားပြင်းထန်သည့် အသေခံကားဗုံးဖြင့် ဖောက်ခွဲဝင်ရောက်ပြီး လုံခြုံရေးတပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့ခဲ့သည်။ တစ်နာရီနီးပါး အပြန်အလှန် ပစ်ခတ်မှုများ အပြီးတွင် တာလီဘန် သေနတ်သမား ၆ ဦးစလုံးကို သုတ်သင်နိုင်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း လွှတ်တော်အမတ်များကို ရဲများက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ရန် ကူညီပေးခဲ့သည်။ တာလီဘန်တို့သည် လွှတ်တော် အစည်းအဝေး ခန်းမကြီးနှင့် ကပ်လျက် အဆောက်အအုံထိ ဝင်ရောက်နိုင်ခဲ့သည်။ တာလီဘန်တို့က ယခုတိုက်ခိုက်မှုသည် မိမိတို့ လက်ချက်ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး အာဖဂန် ကာကွယ်ရေး ဝန်ကြီးသစ် ခန့်အပ်မှုကို သဘောမတူသဖြင့် ယခုလို တုံ့ပြန်ခြင်းဟု ကြေညာခဲ့သည်။
::
အာဖဂန် လူမှုကွန်ရက်များတွင် မီးခိုးများ ဖုံးအုပ်နေသည့် လွှတ်တော်ခန်းမအတွင်း အကာအကွယ်ယူရန် ပြေးလွှားနေသည့် အမတ်များ၏ ပုံများကို ဖော်ပြထားသည်။ အာဖဂန်ကဲ့သို့ နိုင်ငံရေး တည်ငြိမ်မှု အားနည်းသည့် နိုင်ငံတစ်ခုတွင်ပင် ယခုကဲ့သို့ မြင်ကွင်းမျိုးမှာ အလွန် ထူးခြားနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ လတ်တလောတွင် လွှတ်တော် ပတ်ဝန်းကျင်ကို ရဲတပ်ဖွဲ့က လုံခြုံရေး အားဖြည့် စောင့်ကြပ်လျက် ရှိသည်။
တာလီဘန်တို့သည် အာဖဂန် အစိုးရတွင် မက်ဆွမ် စတန်နက်ဇိုင်ကို ကာကွယ်ရေး ဝန်ကြီးအဖြစ် ခန့်အပ်မှုကို မကျေနပ်ခြင်းကြောင့် ယခုကဲ့သို့ လွှတ်တော်ကို တိုက်ခိုက်ခဲ့ခြင်းဟု သိရှိရသည်။
Ref: BBC,7Day ::--KOLATT(PBDN)
RangonNewsDaily



No comments:
Post a Comment