Pages

Pages - Menu

Thursday, June 25, 2015

ဒလတွင် ကျူးကျော်မြေနေရာ လုရာမှ အုပ်စုဖွဲ့ လူသတ်မှုဖြစ်

RangonNewsDaily:: June . 25 .2015
ရန်ကုန်မြို့သစ် စီမံကိန်းနှင့် တံတား စီမံကိန်းများကြောင့် အိမ်၊ ခြံ၊ မြေဈေး မြင့်တက်နေသော ဒလမြို့နယ်၊ တပင်ရွှေထီး ရပ်ကွက်ရှိ ဒလ-ဓနုတ် ကားလမ်းတွင် ဇွန်လ ၂၂ ရက် မွန်းလွဲ ၁ နာရီက ကျူးကျော်မြေနေရာ ပိုင်ဆိုင်မှု အငြင်းပွားရာမှ အမျိုးသားသုံးဦးက အသက် ၂၁ နှစ်အရွယ် အမျိုးသားကို အုပ်စုဖွဲ့ ဝိုင်းဝန်းထိုးကြိတ်ပြီး ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း ဒလမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးရဲမြင့်က ပြောကြားသည်။
“လူသတ်မှု ကျူးလွန်ခဲ့ရာမှာ ပါဝင်တဲ့နှစ်ယောက်ကို ဖမ်းမိထားတယ်၊ တစ်ယောက်ကတော့ လွတ်နေတာ။ ကနဦး စစ်ဆေးချက်တွေအရကတော့ ကျူးကျော်မြေနေရာ လုပြီး မြေအရောင်းအဝယ် လုပ်ရာကနေ ငွေကြေး အရှုပ်အရှင်းကိစ္စနဲ့ အငြင်းပွားသူ အချင်းချင်း ရန်ငြိုးနဲ့ သတ်ခဲ့တာလို့သိရတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါ ဓားထိုးအသတ်ခံရသူမှာ ဒလမြို့နယ် သပြေကုန်းကျေးရွာတွင် နေထိုင်သော ကိုသက်မောင်မောင် ဖြစ်ပြီး ဦးလေးနှင့်အတူ မော်တော်ဆိုင်ကယ်ဖြင့် ဒလနာရီစင်သို့ လိုက်ပါခဲ့ရာ ဒလ-ဓနုတ် ကားလမ်းဘေးရှိ တပင်ရွှေထီး ရပ်ကွက်တွင် အသက် ၄၁ နှစ် အရွယ်ရှိ ဦးစိုးသိန်း အပါအဝင် အမျိုးသားသုံးဦးက ဆိုင်ကယ်ကို ရပ်တန့်ခိုင်းပြီး ကိုသက်မောင်မောင်ကို ဝိုင်းဝန်းထိုးကြိတ်ကာ ဓားမြှောင်ဖြင့် ထိုးသတ်ခဲ့ကြောင်း ဒလမြို့မရဲစခန်း ထံမှ သိရှိရသည်။
::
“ကျန်စစ်သား ရပ်ကွက်မှာနေတဲ့ ဦးစိုးသိန်းအပါအဝင် သုံးဦးအဖွဲ့က တစ်ယောက်တည်းကို ထိုးကြိတ်ကန်ကျောက်ပြီး ဓားနဲ့ လည်ပင်းကို ထိုးတာ၊ ဘေးက လူတွေကို အနားမကပ်နဲ့ ဝင်မရှုပ်နဲ့ သတ်ပစ်လိုက်မယ်လို့ ခြိမ်းခြောက်လို့ ဘယ်သူမှ ဝင်မဆွဲရဲဘူး” ဟု ခိုက်ရန် ဖြစ်ပွားစဉ် မျက်မြင်တွေ့ရှိခဲ့သည့် တပင်ရွှေထီး ရပ်ကွက်တွင် နေထိုင်သော အသက် ၄၀ အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောကြားသည်။
::
အဆိုပါအဖွဲ့မှ ဦးဆောင်ခဲ့သော ဦးစိုးသိန်းကို ဇွန်လ ၂၂ ရက်နေ့ ညနေ ပိုင်းတွင် ဖမ်းမိခဲ့ပြီး ကျန်ရှိသော ကိုကျော်မင်း(ခ)ကျော်မင်းဦးကို ဇွန်လ ၂၃ ရက် နံနက်ပိုင်းတွင် ထပ်မံ ဖမ်းမိခဲ့ကြောင်း၊ လွတ်မြောက်နေသည့် ကိုမကျည်းသီးကို ဖမ်းမိရေးအတွက် စုံစမ်းနေပြီး ယင်း သုံးဦးကို ပုဒ်မ ၃၀၂/ ၁၁၄ ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးနေကြောင်း ဒလမြို့မ ရဲစခန်းထံမှ သိရှိရသည်။
အလားတူ ဒလမြို့နယ်၊ ဓနိတော ကျေးရွာတွင် မြေကိစ္စ အငြင်းပွားရာမှ ဧပြီလ ၂၇ ရက်နေ့က မိသားစုတစ်စုကို ရွာလုံးကျွတ် အုပ်စုဖွဲ့ ခိုက်ရန်ပြုခဲ့ရာမှ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး သုံးဦးမှာ ဒဏ်ရာများရခဲ့သဖြင့် သံသယရှိသူ ၄၁ ဦးကို အမှုဖွင့်စစ်ဆေးနေကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
The Voice::--
KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment