Pages

Pages - Menu

Monday, June 29, 2015

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် ခရီးသည်တင်ယာဉ်လိုင်းနှစ်ခုမှ ယာဉ်နောက်လိုက်အချင်းချင်း စကားများရန်ဖြစ်ပြီး အုပ်စုဖွဲ့ရိုက်နှက်မှု ဖြစ်ပွား


RangonNewsDaily:: June . 28 .2015
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် တက္ကသိုလ်ရိပ်မွန်အိမ်ရာဝင်းအနီးတွင် ဇွန် ၂၇ ရက် နံ နက် ၉ နာရီက ခရီးသည်တင်ယာဉ်လိုင်းနှစ်ခုမှ ယာဉ်နောက်လိုက်အချင်းချင်း စကားများရန်ဖြစ်ပြီး အုပ်စုဖွဲ့ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ရာဇာဓိရာဇ်လမ်းပေါ်တွင် အောင်သိဒ္ဓိ ခရီးသည်တင်ယာဉ်လိုင်းနှင့် ၂၁၃ ခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်နောက်လိုက်အချင်းချင်း အပြန်အလှန်ဆဲဆို စကားများရာမှ စတင်ဖြစ်ပွားခဲ့ကြောင်း ယာဉ်ပေါ်တွင် လိုက်ပါခဲ့ကြသည့် ခရီးသည်များထံမှ သိရသည်။

“၇/၈ လမ်းဆုံ ကားမှတ်တိုင်အကျော်လောက်မှာ စပယ်ယာအချင်းချင်း စကားများတယ်။ ဆဲတယ်။ ခဏနေတော့ ၂၁၃ ကားပေါ်က စပယ်ယာတစ်ဦးက ပစ္စည်းတစ်ခု ကိုင်ဆင်းလာပြီး အောင်သိဒ္ဓိက ကားသမားတွေကို ပြောဆိုကြတယ်။ အဲဒီတော့ အောင်သိဒ္ဓိ ကားပေါ်က ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေက ကျောင်းလမ်းကားမှတ်တိုင်ကျော်ရင် ပြန်ရိုက်မယ်ပြောပြီး ကားပေါ်ကပါလာတဲ့ ခရီးသည်တွေကို လမ်းပေါ်မှာ ချပေးခဲ့တယ်”ဟု အောင်သိဒ္ဓိခရီးသည်ယာဉ်ပေါ်တွင် စီးနင်းလာသည့် ဒဂုံတက္ကသိုလ်ကျောင်းသား ကိုမင်းမြတ်က ပြောကြားသည်။

::
ထို့နောက် အောင်သိဒ္ဓိခရီးသည်တင်ယာဉ်မှ ၂၁၃ ခရီးသည်တင်ယာဉ်ရှေ့တွင် ပိတ်ရပ်ခဲ့ကြောင်း၊ ကားပေါ်မှ လေးဦးက သံတုတ်များ ကိုင်ဆောင်ကာ ၎င်းတို့အား ဆဲဆိုခဲ့သည့် ယာဉ်နောက်လိုက်အား ထုတ်ပေးရန် ပြောဆိုရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ကာ အနီးပတ်ဝန်းကျင်နေထိုင်သူများ တားဆီးမှုကြောင့် ရန်ပွဲမဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းနောက် အဆိုပါ ယာဉ်လိုင်းနှစ်စီးမှာ ဘုန်ကြီးကျောင်းကွေ့ မှတ်တိုင်အနီးအရောက်တွင် အုပ်စုဖွဲ့ ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
::
“အောင်သိဒ္ဓိယာဉ်ပေါ်က ယာဉ်မောင်း နဲ့ ယာဉ်နောက်လိုက်တွေက ဘုန်းကြီးကျောင်းကွေ့အကျော်ရောက်တော့ သံတုတ်တွေကိုင်ဆောင်ပြီး ၂၁၃ က ယာဉ်နောက်လိုက်တွေ ထုတ်ပေးဖို့ ပြောတယ်။ ၂၁၃ ယာဉ်မောင်းက ကားတံခါးတွေ ပိတ်ထားတော့။ သူတို့က တံခါးကိုဖွင့်ပြီး ၀င်ရိုက်ကြတယ်။ သူတို့က လေးဦးလောက်ရှိတယ်။ ကားပေါ်မှာလည်း ခရီးသည်တွေ ကျောင်းသားတွေ ဆရာမတွေလည်း ပါတယ်။ တားလို့လည်းမရဘူး။ နောက်တော့ အရိုက်ခံရတဲ့ ယာဉ်နောက်လိုက်က ကားပေါ်ကဆင်းပြီး ရပ်ကွက်ထဲဝင်ပြေးတယ်။ အဲဒါကိုလည်းသူတို့တွေက နောက်ကနေ လိုက်ရိုက်ကြတယ်။ ခရီးသည်တွေ တားနေတာတောင် အုပ်စုဖွဲ့ဝိုင်းရိုက်တာဟာ မင်းမဲ့စရိုက်ဆန်လွန်းပါတယ်”ဟု ၂၁၃ ခရီးသည်တင်ယာဉ်အား စီးနင်းလာသည့် ကျောင်းသား ကိုမြတ်မိုးက ပြောကြားသည်။
::
ထို့သို့ ရိုက်နှက်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ယာဉ်ပေါ်ရှိ ကျောင်းသားကျောင်းသူများ ထိတ်လန့်မှုဖြစ်ပွားကာ အောက်သို့ ဆင်းပြေးခဲ့ရကြောင်း၊ လမ်းတစ်လျှောက်တွင်လည်း ယာယီကားပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ကြောင်း အခင်းဖြစ်နေရာတွင် နေထိုင်သူများက ဆိုသည်။


အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့မရဲစခန်းမှ မြို့နယ်မှူးရဲမှူး တင်ထွန်းက “ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စခန်းမှာ အမှုလာဖွင့်တာမရှိပါဘူး”ဟု ပြော ကြားသည်။

EMG ::--
KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment