Pages

Pages - Menu

Tuesday, May 5, 2015

ပဲခူးတွင် ဒုရဲအုပ်တစ်ဦး အသတ်ခံရ

RangonNewsDaily::- 2 : May :- 2015
ပဲခူးမြို့နယ် ဥဿာမြို့သစ် (၂) ရပ်ကွက် ဆရာစံ လမ်းထိပ်တွင် ဧပြီလ ၂၉ ရက် ည ၁၀ နာရီခန့်က အသက် ၂၈ နှစ်အရွယ်ရှိ ဒုရဲအုပ်တစ်ဦးမှာ ဓားဒဏ်ရာ သုံးချက်ဖြင့် အသတ်ခံရကြောင်း အဆိုပါရပ်ကွက် နေထိုင်သူများထံမှ သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် တာဝန် ထမ်းဆောင်နေသော ဒုရဲအုပ်မြတ်ဖြိုးဇင်မှာ ၎င်း၏ မိဘများနေထိုင်သော ဥဿာမြို့သစ် (၂) ရပ်ကွက်မှ ရဲတပ်ဖွဲ့ မှူးရုံးသို့ မော်တော်ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ဆရာစံလမ်းထိပ်၌ အမျိုးသားနှစ်ဦး စီးနင်းလာသည့် မော်တော်ဆိုင်ကယ် နှင့် တိုက်မလိုဖြစ်ခဲ့ရာမှ နှစ်ဖက် စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ ယင်းနောက် ဆိုင်ကယ်ပေါ်ပါ အမျိုးသားတစ်ဦးက ဒုရဲအုပ်၏ ရင်ညွန့်၊ ဝမ်းဗိုက်နှင့် မျက်နှာတို့ကို ဓားဖြင့် သုံးချက်ဆင့်ထိုးကာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြောင်း ပဲခူးမြို့မရဲစခန်းထံမှ သိရှိရသည်။
-
“ဆိုင်ကယ်ပေါ်က အမျိုးသားနှစ်ယောက်က ဓားနဲ့ထိုးပြီး ထွက်ပြေးတာ။ ညတွင်းချင်း နှစ်ယောက်ထဲက တစ်ယောက်ကို ဖမ်းမိခဲ့တယ်။ တစ်ယောက်က တိမ်းရှောင် နေတယ်လို့ သတင်းရလို့ စုံစမ်းနေဆဲပါ” ဟု ပဲခူးမြို့နယ် အမှတ်(၃)နယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
-
အဆိုပါ ဓားဖြင့်ထိုးကာ ထွက်ပြေး တိမ်းရှောင်ခဲ့သူ နှစ်ဦးမှ ပဲခူးမြို့နယ် ကလျာဏီရပ်ကွက် (၄) လမ်းတွင် နေထိုင်သူ အသက် ၂၆ နှစ် အရွယ်ရှိ ကောင်းကောင်း (ခ) ကောင်းဇံကို ယင်းည ၁၂ နာရီခန့်က ၎င်း၏ နေအိမ်တွင် သက်သေခံဓားနှင့်အတူ ဖမ်းမိခဲ့ကြောင်း ပဲခူးခရိုင်ရဲတပ်ဖွဲ့ မှူးရုံးထံမှ သိရှိရသည်။
-
“ဆုံးသွားတဲ့ ဒုရဲအုပ်က သင်တန်းကဆင်းပြီး တိုင်း ရဲတပ်ဖွဲ့မှူးရုံးကို ရောက်လာတာ သုံးရက်ပဲ ရှိသေးတယ်။ (၂) ရပ်ကွက်ထဲက သူ့မိဘအိမ်မှာ ထမင်း လာစားပြီး ရုံးကို အပြန်မှာ ရန်ဖြစ်ရာကနေ ဓားထိုး အသတ်ခံရတာ။ အရပ်ဝတ် ဝတ်ထားတော့ ရဲမှန်းမသိခဲ့ဘူး။ နောက်မှ သေဆုံးသူက ဒုရဲအုပ်မှန်းသိတာ” ဟု ဥဿာမြို့သစ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။
-
အဆိုပါဒုရဲအုပ် အသတ်ခံရမှုနှင့် ပတ်သက်၍ ကောင်းကောင်း (ခ) ကောင်းဇံကို အမှတ်(၃) နယ်မြေ ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေပြီး ထွက်ပြေးတိမ်းရှောင် နေသူကို ဖမ်းဆီးရမိရေး အတွက် ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်နေကြောင်း ပဲခူးမြို့မရဲစခန်းထံမှ သိရှိရသည်။


The Voice ::--
KOLATT(PBDN)

RangonNewsDaily





No comments:

Post a Comment