Pages

Pages - Menu

Tuesday, May 5, 2015

ပခုက္ကူဆေးရုံတွင် သေဆုံးခဲ့သော ကလေးငယ်၏ ဖခင်က ရဲစခန်း၌ အမှုဖွင့်

RangonNewsDaily::- 2 : May :- 2015
ပခုက္ကူဆေးရုံတွင် လေးနှစ်အရွယ် ယောက်ျားလေးတစ်ဦး သေဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ ဆေးရုံအုပ်ကြီးနှင့် တာဝန်ကျ ဆရာဝန်ကို ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားလိုက်ကြောင်း သေဆုံးသူ၏ဖခင်က ပြောသည်။
အသက်(၄)နှစ်အရွယ် ယောက်ျားလေးတစ်ဦးသည် ဧပြီ၂၉ ရက် ညက ညာဘက် တင်ပါး၊ပေါင်နှင့် ခြေသလုံးတို့တွင် ထမင်းရည်ပူလောင်သဖြင့် ပခုက္ကူဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသနေပြီး နောက်တစ်နေ့ နံနက် ၇ နာရီတွင် ပဋိဇီဝဆေးထိုးပြီးနောက် သေဆုံးခဲ့ခြင်း ဖြစ်သည်။
-
‘‘ကျွန်တော့်သားက မသေသင့်ဘဲနဲ့ သေခဲ့ရလို့ ရဲစခန်းသွားပြီး ဆေးရုံအုပ်ကြီးနဲ့ တာဝန်ကျ ဆရာဝန်ကို အမှုဖွင့်ခဲ့တယ်။ ‘‘အဖေ လာပါဦး၊ လာပါဦး’’ဆိုပြီးတော့ ကျွန်တော့်လက်ထဲမှာ သုံးခါ ကော့တက်သွားပြီး အသက်ထွက်သွားတယ်’’ဟု ဖခင် ဦးသန်းထွန်းအောင်က ပြောသည်။
ထမင်းရည်ပူလောင်၍ ဆေးရုံသွားရောက်ကုသခဲ့ပြီးနောက် သေဆုံးခဲ့သော (၄)နှစ်အရွယ် ကလေးငယ်နှင့်ပတ်သက်၍ ဆေးရုံအုပ်ကြီးနှင့် တာဝန်ကျဆရာဝန်ကို ကလေးဖခင်က လာရောက် အမှုဖွင့်ထားကြောင်း ပခုက္ကူမြို့မ ရဲစခန်းက အတည်ပြုသည်။
-
‘‘ပဋိဇီဝဆေးထိုးဖို့ မထိုးခင်မှာ စမ်းသပ်တယ်။ ညက တစ်လုံး ထိုးပေးတယ်။ နောက်နေ့မနက်မှာ အဲဒီဆေးပဲ ထိုးတာ။ ဆေးထိုးမှားတာမဟုတ်ဘူး။ ဆေးမတည့်တာကြောင့် ဆုံးပါးခဲ့တာပါ။ ထိုးပေးတဲ့ ဆေးကလည်း ရက်စွဲ ကောင်းတယ်။ ဆေးဝါးတင်သွင်းတဲ့ ကုမ္ပဏီကလည်း တရားဝင် ကုမ္ပဏီပါ။ အခု ရင်ခွဲပြီး ဘာကြောင့်သေတယ်ဆိုတာသိနိုင်ဖို့ မန္တလေးက ဓာတုဗေဒဓာတ်ခွဲခန်းရယ်၊ အစားအသောက်နဲ့ ဆေးဝါးဌာနတွေရယ်ကို ပို့ထားတာ အဖြေ မသိရသေးဘူး။ ဘယ်ဆရာဝန်မှ သေစေချင်တဲ့စိတ်နဲ့ လူနာကို ဆေးမကုပါဘူး။ ရောဂါပျောက်စေချင်တဲ့ စိတ်နဲ့ပဲ ကုပေးခဲ့တာ ပါ’’ဟု ပခုက္ကူအထွေထွေရောဂါကုဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာခင်မေသွင်က မေလ ၁ ရက်တွင်7 DAY Daily အား ပြောသည်။
-
ကလေးငယ်သေဆုံးမှုနှင့် ပတ်သက်၍ မန္တလေးမြို့ရှိ ဓာတု ဓာတ်ခွဲခန်းတွင် ဓာတ်ခွဲစစ်ဆေးလျက်ရှိနေပြီး ဓာတ်ခွဲခန်း အဖြေကို သိနိုင်ရန် အချိန်စောင့် ဆိုင်းရမည်ဖြစ်ကြောင်း ဒေါက်တာခင်မေသွင်က ပြောသည်။
-
‘‘ကလေးက အတွင်းတက် ရောဂါရှိတယ်။ ညတုန်းက ထမင်းရည်ပူလောင်လို့ ဆေးရုံတင်တဲ့ အချိန်မှာ ဆေးနှစ်လုံးထိုးသေးတယ်။ ကလေးက သက်သာတယ်။ မနက်ကျတော့ နောက်နှစ်လုံး ထိုးပြီးပြီးချင်း ဆုံးသွားတယ်။ ရာသီဥတုကလည်း အတော်ပူနေချိန်မို့ ဒီကိစ္စကို အဖြေသိရအောင် သေချာစစ်ဆေးနေပါတယ်။ ဘာကြောင့် သေတယ်ဆိုတဲ့ အဖြေတော့အခုချိန်ထိ မသိရသေးပါဘူး’’ဟု ပခုက္ကူဖွံ့ဖြိုးရေးနှင့် အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွဋ်က ပြောသည်။


7 day ::--
KOLATT(PBDN)
RangonNewsDaily







No comments:

Post a Comment