Pages

Pages - Menu

Wednesday, April 22, 2015

ယာဉ်အရောင်းစင်တာ၌ သေနတ်ဖြင့် ခြိမ်းခြောက်၍ ယာဉ်ကို လုယက်

RangonNewsDaily:: April . 22 .2015
မရမ်းကုန်းမြို့နယ် အမှတ် (၃) ရပ်ကွက်၊ မင်းဓမ္မလမ်းရှိ မင်းခန့်ယာဉ် အရောင်းစင်တာတွင် ဧပြီလ ၁၈ ရက်နေ့ ည ၁၁ နာရီခွဲခန့်က တပ်မတော်ဗိုလ်ကြီး ရာထူးအဆင့် စစ်ဝတ်စုံ ဝတ်ဆင်ထားသူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက သေနတ်ဖြင့် ခြိမ်းခြောက်၍ Toyota အမျိုးအစား မော်တော်ယာဉ်တစ်စီးကို ခြိမ်းခြောက်လုယက်ခဲ့ကြောင်း မရမ်းကုန်းမြို့နယ် ဘုရင့်နောင် နယ်မြေရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ မင်းခန့်ယာဉ် အရောင်းစင်တာသို့ ဧပြီလ ၁၈ ရက် ည ၁၁ နာရီခွဲခန့်က Suzuki Swift မော်တော်ယာဉ်ဖြင့် စစ်ယူနီဖောင်း ဝတ်ဆင်ထားသည့် ဗိုလ်ကြီးဟုဆိုသူက ရောက်ရှိလာကြောင်း၊ ယင်းနောက် ယာဉ်အရောင်းစင်တာမှ ဝန်ထမ်းများကို ခြောက်လုံးပြူး သေနတ်ဖြင့် ချိန်ရွယ်ပြီး ၎င်းစီးလာသော မောင်တော်ယာဉ်နှင့် ယာဉ်အရောင်းစင်တာမှ ယာဉ်အသစ်တစ်စီး လဲစီးလိုကြောင်း ပြောဆိုကာ Toyota Corolla Axio အနက်ရောင် မော်တော်ယာဉ်တစ်စီးကို ယူဆောင်သွားကြောင်း မင်းခန့်ကား အရောင်းစင်တာပိုင်ရှင် ဦးမင်းသန့်က ပြောကြားသည်။

“ဆိုင်မှာ ညအိပ်တဲ့ ဝန်ထမ်းကောင်လေး သုံးယောက်ရှိတယ်၊ အဲ့ဒီညက သုံးပွင့်နဲ့ စစ်ယူနီဖောင်း ဝတ်ထားသူက ဆိုင်ကို ရောက်လာပြီး လက်မှာ ခြောက်လုံးပြူး သေနတ်ကိုင်ပြီးတော့ မင်းတို့သူဌေး ဘယ်သွားလဲ၊ ငါကား အသစ်တစ်စီး လဲစီးသွားမယ် ပြောပြီး ကားယူသွားတာ။ ကလေးတွေက သေနတ်ကိုင်ထားတော့ ကြောက်ပြီး ဘာမှပြန်မပြောရဲဘဲ ဒီအတိုင်းကြည့် နေခဲ့ရတာ၊ သူထွက်သွားမှ ကျွန်တော့်ဆီ လှမ်းအကြောင်းကြားခဲ့တာ” ဟု ၎င်းက ရှင်းပြသည်။
::
အဆိုပါ ဗိုလ်ကြီး အယောင်ဆောင်ကာ ကားလုယက်ခဲ့သူ အမျိုးသားမှာ မင်းခန့်ကားအရောင်းစင်တာမှ မော်တော်ယာဉ်ကို မလုယက်ခင်က အင်းစိန်လမ်းမကြီးရှိ Ford ကားအရောင်းစင်တာမှ မော်တော်ယာဉ်တစ်စီးကို လုယက်ရန် ကြံစည်ခဲ့ကြောင်း၊ Ford စင်တာမှ စစ်မှုထမ်းဟောင်း လုံခြုံရေး ဝန်ထမ်းများက ၎င်းအပေါ် သင်္ကာမကင်း ဖြစ်သောကြောင့် စစ်ဆေးခဲ့ရာ ယင်းအမျိုးသားက ထွက်ခွာသွားပြီး မင်းခန့် ကားအရောင်းစင်တာသို့ ရောက်လာကာ ဆိုင်ဝန်ထမ်းများကို သေနတ်ဖြင့် ခြိမ်းခြောက်ပြီး မော်တော်ယာဉ် လုယက်ခဲ့ခြင်း ဖြစ်ကြောင်း ဘုရင့်နောင်နယ်မြေ ရဲစခန်းမှူး ရဲအုပ်သန်းဝင်းက ဆိုသည်။

“မင်းခန့် ကားအရောင်းစင်တာက သိန်း ၁၈၀ တန် Toyota Corolla Axio အနက်ရောင်ကားကို ယူပြီး သူစီးလာတဲ့ Suzuki Swift ကားကို ထားခဲ့တယ်။ သူထားခဲ့တဲ့ ကားက သာကေတက ဒုဗိုလ်မှူးကြီးပိုင်တဲ့ ကားအရောင်းစင်တာက ယူလာတဲ့ကားလို့ စုံစမ်းသိရတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
::
ဗိုလ်ကြီးအယောင်ဆောင်ပြီး ကားအရောင်းပြခန်းများမှ မော်တော်ယာဉ်များကို လိုက်လံလဲလှယ်နေသူမှာ တောင်ဥက္ကလာပ၊ သာကေတ၊ မရမ်းကုန်းနှင့် လှိုင်မြို့နယ်တို့ရှိ ကားအရောင်းပြခန်းများမှ မော်တော်ယာဉ်များကို လိမ်လည်ယူဆောင်ခဲ့သောကြောင့် မြို့နယ်လေးခုရှိ ရဲစခန်းများက ၎င်းကို လိမ်လည်မှု ပုဒ်မများဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးများထံမှ သိရှိရသည်။

“မင်းခန့် ကားအရောင်းဆိုင်မှာ ကားယူသွားပြီး မင်းဓမ္မလမ်းက Terminal ဆီဆိုင်မှာ ဆီဝင်ဖြည့်ခဲ့တယ်၊ ဆီဖိုးမရှိလို့ ဟန်းဆက်တစ်လုံး ပေးခဲ့တာ၊ စုံစမ်းကြည့်တော့ ဟန်းဆက်က သမိုင်းက သားရည်စက်ရုံက စစ်မှုထမ်းဟောင်း ဝန်ထမ်းရဲ့ ဖုန်းကို လိမ်ယူလာတာလို့ သိရတယ်။ သူ့ပုံစံက အသားမဲပြီး ပိန်တယ်၊ ကားမှောက်ထားလို့ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်။ ဝတ်ထားတဲ့ စစ်ယူနီဖောင်းက GE တံဆိပ်နဲ့” ဟု အမှုစစ်ရဲအရာရှိ ဒုရဲအုပ် အောင်ဇော်ဝင်းက ပြောကြားသည်။
::
အဆိုပါ ကားလုယက်ထွက်ပြေးခဲ့သူကို လုယက်မှု မဖြစ်ပွားခင် Ford ကားအရောင်းစင်တာသို့ လာရောက်ခဲ့စဉ်က မှတ်တမ်းတင်ထားသည့် CCTV ဓာတ်ပုံများနှင့်အတူ ဘုရင့်နောင်နယ်မြေ ရဲစခန်းမှ (ပ) ၁၉၀/၁၅၊ ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

လုယက်သွားသည့် Toyota Corolla Axio ယာဉ်မှာ ဧပြီလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက သထုံမြို့တွင်းသို့ ဝင်ရောက်လာသည်ကို သတင်းရရှိမှုကြောင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ဖမ်းဆီးအရေးယူနိုင်ရန် မြို့ဝင်မြို့ထွက်ဂိတ်များကို ပိတ်ဆို့စစ်ဆေးနေကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice ::--
KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment