Pages

Pages - Menu

Sunday, April 5, 2015

ယခုနှစ် ရန်ကုန်သင်္ကြန် လုံခြုံရေး အထူးတင်းကြပ်မည်


RangonNewsDaily:: April . 4 .2015
ရန်ကုန်တိုင်းအတွင်း အတာသင်္ကြန် ပွဲတော်ရက်များတွင် လုံခြုံရေး အထူးတင်းကျပ်မည်ဟု ရန်ကုန်တိုင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးတင်ဝင်းက ဧပြီလ ၃ရက်တွင် မဇ္ဈိမကို ပြောသည်။

ရဲတပ်ဖွဲ့ဝင်များဖြင့် ရန်ကုန်တိုင်းအတွင်း လုံခြုံရေး ချထားမည်ဖြစ်ပြီး သင်္ကြန်မဏ္ဍပ်တစ်ခုစီတွင်လည်း လုံခြုံရေး ယူနီဖောင်းဝတ် အရပ်သား ၁၅ ဦးမှ ၂၀ ဦးထိ လုံခြုံရေး ထားရှိရမည်ဖြစ်သည်။ မြို့နယ်တိုင်း တွင်လည်း ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်သည့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ ဖွဲ့စည်းထားရှိမည်ဟု ဗိုလ်မှူးကြီး တင်ဝင်းက ဆိုသည်။

''သူတို့က ဒုတ်၊ ဓား၊ လက်နက်တော့ မကိုင်ဘူး။ သို့သော်လည်း ယူနီဖောင်းဝတ်ပြီးတော့မှ သူတို့က သက်ဆိုင်ရာ ယာဉ်ရှင်းတာတွေ ဘာတွေလုပ်မယ်။ တို့နဲ့ အမြဲတမ်းဆက်သွယ်ပြီး ဆောင်ရွက်ပေးမယ်''ဟု အရပ်သား လုံးခြုံရေးများကို ရည်ညွှန်းကာ ဗိုလ်မှူးကြီးတင်ဝင်းက ပြောသည်။

မဏ္ဍပ်များတွင် CCTV လုံခြုံရေးကင်မရာများ တပ်ဆင်ထားခြင်း၊ မိုင်းရှင်းလင်းရေး အဖွဲ့များဖြင့် မိုင်းရှာဖွေခြင်းနှင့် ကွပ်ကဲရေးရုံး သုံးခုထားရှိမည်ဟုလည်း ၎င်းက ဆိုသည်။ ကွပ်ကဲရေးရုံး ထားရှိမည့် နေရာများမှာ IBC၊ သိမ်ဖြူကွင်းနှင့် မြကျွန်းသာတို့တွင် ဖြစ်သည်။

ထို့ပြင် မူးယစ်သောက်စားပြီး ရေနစ်သေဆုံးမှု မရှိစေရန် အင်းလျားကန်နှင့် ကန်တော်ကြီးအတွင်း Speed Boat များ ထားရှိကာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်သည်။
''ဘာလို့လဲဆိုတော့ မူးရူးပြီးတော့ ကန်ထဲဆင်းပြီး သေတာတွေလည်း နှစ်စဉ်နှစ်တိုင်းမှာ ရှိတယ်''ဟု ဗိုလ်မှူးကြီး တင်ဝင်းက ပြောသည်။

သင်္ကြန်ကာလအတွင်း အရေးပေါ်ပြဿနာများအား ဖြေရှင်းရန် မြို့နယ်အသီးသီးရှိ တရားရုံးများကို ဖွင့်ထားမည်ဟုလည်း ၎င်းက ဆိုသည်။

ရက်သတ္တပတ်ကျော်သာ လိုတော့သည့် သင်္ကြန်ပွဲတော်နှင့် ပတ်သက်ပြီး သမ္မတဦးသိန်းစိန်ကလည်း ''သင်္ကြန်ပွဲတော်ကို အကျည်းတန်စေမယ့် ပျော်ပါးမှုမျိုးအစား နိုင်ငံသားများအကြား ချစ်ခင်ရင်းနှီးမှုများကို တိုးပွားစေမယ့်၊ နိုင်ငံတကာက လာရောက်လည်ပတ်ကြတဲ့ ခရီးသွားတွေအမြင်မှာလည်း ပျော်ရွှင်မှုနဲ့ စည်းကမ်းရှိမှုကို ထင်ဟပ်ပြီး မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ကောင်းမွန်စေမယ့် ပွဲတော်တစ်ရပ်ဖြစ်အောင် နိုင်ငံသား တာဝန်တစ်ရပ်အနေနဲ့ ခံယူပြီး ပျော်ရွှင်စွာ ဆင်နွှဲကြပါ' ဟု ဧပြီလ ၃ ရက်က ပြောကြားသည့် ရေဒီယို မိန့်ခွန်းတွင် တိုက်တွန်းပြောဆိုသည်။

ယဉ်ကျေးမှုဝန်ကြီးဌာနကမူ သင်္ကြန်ကာလတွင် အမြင်မတော်သည့် နေထိုင်မှု၊ ဝတ်စားဆင်ယင်မှုနှင့် တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်း တစ်ရပ်ရပ်၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည့် သီချင်းဆိုခြင်း၊ သံချပ်ထိုးခြင်းတို့ ရှောင်ကြဉ်ရန် ဧပြီ ၂ ရက် ရက်စွဲဖြင့် နှိုးဆော်ထားသည်။

Mizzima , KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment