Pages

Pages - Menu

Wednesday, February 25, 2015

စပိန် နိုင်ငံသားတဦး ပဲခူးတွင် ပစ္စည်းလု ဓားခုတ်ခံရ


RangonNewsDaily:: February . 25 .2015
ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့နယ် ဘဏ္ဍာကုန်းကျွေးရွာတွင် အလည်အပတ် လာရောက်သော စပိန် နိုင်ငံသားတဦး ပစ္စည်းလု ဓား ခုတ် ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ အသက် ၃၁ နှစ်ရှိ စပိန်နိုင်ငံသား Mr. Callos သည် ဖေဖော်ဝါရီ ၂၃ ရက်ညပိုင်းက စက်ဘီးစီး၍လာစဉ် ပစ္စည်းလုယူရာမှ ဓားခုတ်ခံရခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် ရန်ကုန်ဆေးရုံသို့ လွှဲပြောင်းထားကြောင်း၊ ပြစ်မှုကျူးလွန်သူသည် ထွက်ပြေးနေ၍ ဖမ်း မမိ သေးကြောင်း ပဲခူးမြို့နယ် အမှတ်(၃) ရဲစခန်းက ပြောသည်။

“အခုတော့ ပြစ်မှု ပုဒ်မ ၃၉၄ နဲ့ အမှုဖွင့်ထားပါတယ်။ ပစ္စည်းတွေကတော့ မပါသွားပါဘူး။ မနေ့က ရန်ကုန်ဆေးရုံကို ပို့လိုက်တယ်။ ဒါပေမယ့် ဒီနေ့ ထိုင်းကို ပြန်ပို့လိုက်တယ်လို့ ပြောပါတယ်”ဟု ပဲခူးမြို့နယ် အမှတ်(၃) ရဲစခန်းမှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောပြသည်။

ပုဒ် ၃၉၄ သည် ပြင်းထန်စွာ နာကျင်စေမှု ပါဝင်သည့် လုယက်မှု ပုဒ်မ ဖြစ်ပြီး ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် တသက်တကျွန်း အထိ ကျခံရနိုင်ကြောင်း သိရသည်။
::
အခင်းဖြစ်ပွားချိန်၌ စပိန်နိုင်ငံသား ထံမှ နိုင်ငံခြား ငွေကြေး တချို့ ပါသွားကြောင်း သတင်းတချို့က ဖော်ပြသည်။
ယင်း စပိန်နိုင်ငံသား ၏ ရဲ ဆေးစစ်ချက်တွင် ငယ်ထိပ်၊ နှားခေါင်း၊ နားရွက်၊ မေးစေ့၊ လက်ဖျံ၊ တံတောင်၊ ဒူးခေါင်း၊ ဝဲလက်ခုံ၊ ဝဲ ၀မ်း ဗိုက်ဘေး များ၌ ပြတ်ရှဒဏ်ရာများ ရရှိထားကြောင်း သိရသည်။
::
ပဲခူးမြို့ ဒေသခံ ကိုမျိုးမင်းအောင် က“ဒီမြို့မှာက မကြာခဏဖြစ်နေပါပြီ။ အရင် လတုန်းကလည်း ကလေးတယောက် စက်ဘီး စီးလာတာ ကို စက်ဘီးလုပြီး ပြေးတာတွေ၊ ညဘက်ဆိုရင် ဆိုင်ကယ်နဲ့ တယောက်တည်း မထွက်ရဲဘူး။ အခုက နိုင်ငံခြားသားမို့လို့သတင်း ပျံ့သွားတာပါ။ သူတို့တွေက အဖွဲ့လိုက်နဲ့ လုတာ။ ကျနော်တို့ ဘဝ မလုံခြုံဘူးလို့ ခံစားရပါတယ်”ဟု ပြောပြသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားများကို လုယက်တိုက်ခိုက်မှုများသည် နိုင်ငံအတွက် မကောင်းကြောင်း၊ ခရီးသွား ဈေးကွက်ကိုလည်း ထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးနှောင်းနှောင်းဟန် က ပြောသည်။

“အထူးသဖြင့် ဒီလာမယ့် ဇူလိုင်၊ သြဂုတ် က စပိန်တွေ အများကြီးလာကြမှာ ဖြစ်တယ်။ စပိန်ဈေးကွက်ကို အများကြီး ထိခိုက်နိုင် တယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

ခရီးသွား ဧည့်သည်များအတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် မည်သည့်နေရာသို့ မသွားသင့်ကြောင်း၊ တဦးတည်းမသွားသင့် သော နေရာများ ရှိကြောင်း၊ မည်သည့်အချိန်တွင် အန္တရာယ်ဖြစ်နိုင်သည်များကို အသိပေးသင့်ကြောင်း၊ ပြည်တွင်း ဒေသခံများကို လည်း ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ကလည်း တာဝန်ကို သေချာစွာ ထမ်းဆောင် သင့်ကြောင်း စသည်တို့ကိုလည်း ဦးနှောင်းနှောင်းဟန် က ဆိုသည်။
::
၂၀၁၃ ခုနစ်အတွင်းက ပုဂံတွင် ဂျာမနီ နိုင်ငံသူ ၂ဦး လုယက်ခံရကြောင်း၊ ဂျပန်အမျိုးသမီး တဦးလည်း လုယက်ခံရပြီး အဓမ္မပြုကျင့် ခံရကြောင်း၊ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင်လည်း ကျိုက်ထီးရိုး တောင်ခြေ ကင်မွန်းစခန်း အနီးတွင် ပီရူးနိုင်ငံသူ တဦး လုယက် ခံ ရပြီး အဓမ္မပြုကျင့် ခံရသည့် အမှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းများတွင် ဖော်ပြခဲ့ကြသည်။
လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာတွင်တွေ့ရှိရသည့် ဒဏ်ရာများနှင့် စပိန် နိုင်ငံသား ၏
ဓာတ်ပုံ(ဓာတ်ပုံ – Ko Gyi facebook)

ဧရာဝတီ ::--KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment