Pages

Pages - Menu

Wednesday, January 21, 2015

မိနစ်အလိုက်ကောက်ခံသည့် MPT ၏ မိုဘိုင်းအင်တာနက်လိုင်း မြန်နှုန်းများ ကျဆင်းလာ


RangonNewsDaily:: January . 21 .2015
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆွေသဟာ ဝန်ဆောင်မှုတွင် အသုံးပြုနိုင်မည့် 3G အင်တာနက် အမြန်နှုန်းကို ယခင်ထက် ခြောက်ဆ မြှင့်တင်ပေးလိုက်ပြီးနောက် မူလဝန်ဆောင်မှုကို အသုံးပြုနေသူများ အနေဖြင့် မိုဘိုင်းအင်တာနက် မြန်နှုန်းအရည်အသွေးများ ယခင်ထက် ပိုမိုကျဆင်းလာသည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

ဆွေသဟာ ဝန်ဆောင်မှု မစတင်မီ လအနည်းငယ်ခန့်က တစ်မိနစ်လျှင် ၂ ကျပ်၊ ၄ ကျပ် သတ်မှတ်ထားသော MPT ၏ GSM နှင့် WCDMA မိုဘိုင်းအင်တာနက် အမြန်နှုန်းများသည် ယခင်ထက် မြင့်တက်လာခဲ့သော်လည်း ယခုလ ၁၂ ရက် နောက်ပိုင်းမှစတင်၍ အဆိုပါ ဖုန်းလိုင်းများ၏ အင်တာနက်မြန်နှုန်းများ ဆက်တိုက် ကျဆင်း လာခြင်းဖြစ်ကြောင်း ရန်ကုန်မြို့နေ မိုဘိုင်းဖုန်း အသုံးပြုသူအချို့က ပြောသည်။

MPT ၏ ဆွေသဟာ ဝန်ဆောင်မှုပေါ်တွင် အသုံးပြုနိုင်သည့် မိုဘိုင်းအင်တာနက် မြန်နှုန်းသည် အမြင့်ဆုံး 42 Mbps အထိ တိုးမြှင့်ပေးထားကြောင်း အဆိုပါလုပ်ငန်းမှ သတင်းရရှိသည်။

ယခုကဲ့သို့ MPT သည် ၎င်းတို့၏ ဝန်ဆောင်မှုအသစ်တွင် 3G ကွန်ရက်ကို မြန်နှုန်းများ တိုးမြှင့်ပေးလိုက်သော်လည်း တစ်မိနစ်လျှင် ၂ ကျပ်၊ ၄ ကျပ်ဖြင့် အသုံးပြုနိုင်သည့် ယခင်ဝန်ဆောင်မှုပေါ်တွင် အသုံးပြုနိုင်မည့် မိုဘိုင်းအင်တာနက် အမြန်နှုန်းကိုမူ 3G ဆင်းမ်ကတ်များအတွက် 256 kbps နှင့် 2G ဆင်းမ်ကတ်များအတွက် 128 Kbps အထိ ကန့်သတ် သတ်မှတ်ပေးလိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် ယခုလ ၁၀ ရက်မှစတင်၍ MPT ၏ မူလအစီအစဉ်များကိုသာ ဆက်လက်သုံးစွဲသူ အများစုသည် မိုဘိုင်းအင်တာနက်လိုင်းများ ပိုမိုလေးလံလာခြင်း ပြဿနာနှင့် ကြုံတွေ့လာရကြောင်း ရန်ကုန်မြို့နေ မိုဘိုင်းအင်တာနက် အသုံးပြုသူအချို့က တညီတညွတ်တည်း ဆိုကြသည်။

MPT ၏ မြန်နှုန်းမြင့် အင်တာနက်ကို အသုံးပြုခွင့် ရလိုသူများသည် ဆွေသဟာ ဝန်ဆောင်မှုကို ရယူရမည်ဖြစ်ပြီး ထိုမှသာ HSPA+3G ဆက်သွယ်ရေးကွန်ရက် နည်းပညာဖြင့် ချိတ်ဆက်ထားသည့် ပိုမိုမြန်ဆန်သည့် အမြန်နှုန်းကို ရရှိမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သို့သော် မြန်မာ့ဆက်သွယ်ရေးက သတ်မှတ်ပေးထားသည့် အမြင့်ဆုံး မြန်နှုန်း 42 Mbps သည် အသုံးပြုသည့်နေရာ၊ အသုံးပြုသည့်အချိန်၊ အသုံးပြုသည့် မိုဘိုင်းဖုန်း အမျိုးအစားနှင့် အသုံးပြုနေသော နေရာဒေသရှိ ဆက်သွယ်ရေးစနစ်က ပေးထားသည့် အခြေအနေ အရပ်ရပ်ပေါ်တွင်လည်း မူတည်ကြောင်း အထက်ပါ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

ထို့ကြောင့် MPT ၏ မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုသည် စတင်ခဲ့သည့်အချိန်မှ ယခုအချိန်အတွင်း၌ မိုဘိုင်းအင်တာနက်လိုင်းများ ပိုမိုမြင့်တက်လာခြင်းရှိသလို အချို့သောနေရာများတွင်မူ မြန်နှုန်းမြင့် အရည်အသွေးအား လုံးဝပြည့်မီခြင်းမရှိဟု သုံးစွဲသူအချို့ထံမှ သိရသည်။

Internet Journal , KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment