Pages

Pages - Menu

Saturday, January 3, 2015

အကယ်ဒမီဆုရုပ် ပြန်သိမ်းခံရတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတဲ့ စန္ဒယားတင်ဝင်းလှိုင်


RangonNewsDaily:: January . 3 .2015
ရုပ်မြင်သံကြားမှာ မြန်မာ့ဂီတတခေတ်ပေါ်ထွန်းခဲ့သော ကာလပေါ်တေးဂီတများကို “ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ”ဟူသောကဏ္ဍမှာ တပတ်တခါ တင်ဆက်နေသူက ငယ်စဉ်ကလေးဘ၀ကတည်းက ဂီတလောကရုပ်ရှင်လောကမှာ ကျင်လည်ကျက်စားခဲ့သူ စန္ဒယားတင်ဝင်းလှိုင်။
သူ့ကဏ္ဍလာလျှင် မြန်မာသီချင်းကို ချစ်ခင်စွဲလန်းသူများ၊ တခေတ်က ထိုသီချင်းများကို စွဲလန်းခဲ့သူများသည် တကူးတကအချိန်ပေး၍ စောင့်မျှော်ကြည့်ရှုရသည်။
တခေတ်ကတေးသံရှင်များကိုလည်း မြင်ရတွေ့ရသည်မှာ ပီတိဖြစ်စရာကောင်းသည်။ သူသည်အသက် ၁၀ နှစ်ကျော်ကျော်အရွယ်မှာ စန္ဒယားလက်သံဆုရရှိခဲ့သူ ဖြစ်သည်။

ဖဆပလအစိုးရ၀န်ကြီးချုပ် ဦးနုလက်ထက်က ဖြစ်သည်။ ကလေးဘ၀က စင်ပေါ်ဆုတက်ယူစဉ် ပုဆိုးချက်ပြုတ်ဖြစ်နေ၍ ဘဘကြီးဦးနု(၀န်ကြီးချုပ်ဦးနု)ကိုယ်တိုင် ပြန်ပြင်ဝတ် ပေးခဲ့ကြောင်း အမှတ်တရပြောပြသည်။ ရုပ်ရှင်သရုပ်ဆောင်အဖြစ် အကယ်ဒမီ မြတ်မွန်နှင့်တွဲကာ “တာဝန်”ဟူသော ရုပ်ရှင်ကားကို ရိုက်ခဲ့ဖူးသည်။ သူ၏ဖခင်က ရုပ်ရှင်မင်းသား မျိုးလှိုင်၊ တခေတ်က နာမည်ကျော် မင်းသား၊ ပဒေသာဓာတ်ပြားကုမ္ပဏီတည်ထောင်ခဲ့သည်။

စန္ဒယားတင်ဝင်းလှိုင်မှာ အသက်ငယ်ငယ်နှင့် အိမ်ထောင်ကျပြီး သူ၏ အိမ်ထောင်ဘက်မှာ အဆိုတော် ကြည်ကြည်ဝင်း ဖြစ်သည်။ ကြည်ကြည်ဝင်း၏ တေးသီချင်းများစွာကို ရေဒီယိုပရိသတ်က ချစ်ခင်စွဲလန်း ကြသည်။ “သြော် ဆောင်းဆောင်းကြာခြည်” သီချင်း၊ “မန်ကျည်းရွက်သုပ်၊ ငါးပိဖုတ်ကလေးနှင့် ငရုပ်ရည်ကိုဖျော်ကာ ငါးခြောက်ဖုတ်နှင့် ပဲကြီးဟင်း က ထမင်းမြိန်ဖို့ရာ . . .”ဆိုသည့် တောရွာသရုပ်ဖော်သီချင်းများက နှုတ်ဖျားမှာဆိုလို့စွဲစေသည့် သီချင်းများဖြစ်သည်။

စန္ဒယားတင်ဝင်းလှိုင်းသည် သူ၏ မမ (ကြည်ကြည်ဝင်း)အပေါ်မှာ သစ္စာရှိစွာ ချစ်ခင်မြတ်နိုးစွာ ပေါင်းသင်းနေထိုင်သူ ဖြစ်သည်။ သူ ရန်ကုန်တက္ကသိုလ်တက်စ အသက် ၂၀ ကျော်အရွယ်ကတည်းက မမနှင့် အိမ်ထောင်ကျပြီး သမီးဦးကလေး မွေးဖွားပြီး ဖြစ်သည်။

သူသည် ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာအဓိကယူပြီး ဘွဲ့ရသည်။ ပြီးတော့ မဟာဝိဇ္ဇာဘွဲ့ကိုလည်း ရသည်။ ငယ်စဉ်က စိန်ပေါလ်ကျောင်းသား ဖြစ်သည်။ မြန်မာစာကို မြတ်နိုး၍ မြန်မာစာနှင့် တက္ကသိုလ်တက်ခဲ့ပြီး စာပေ ချစ်သူ စာကြမ်းပိုးတဦး ဖြစ်သည်။ ကဗျာဆရာ အညာတမာ၊ စာရေးဆရာ ငြိမ်းကျော်စသူတို့နှင့်လည်း ကျောင်းနေဘက် သူငယ်ချင်း ဖြစ်ခဲ့သည်။ 

ကျောင်းပြီးတော့လည်း သူသည် ဂီတနှင့်သာ ရပ်တည်နေထိုင်သူ ဖြစ်သည်။ သူ၏ ဆရာရင်းကတော့ စန္ဒယားချစ်ဆွေဖြစ်ကြောင်း သူက ပြောသည်။ စန္ဒယားမှာ လင်္ကာကျော်စွာ ရွှေပြည်အေး၊ အေ၀မ်းခင်မောင်၊ ဂီတလုလင်မောင်ကိုကိုတို့နှင့် ငယ်စဉ်ကတည်းက တရင်းတနှီး နေထိုင်ခဲ့ပြီး သူစန္ဒယားတီးသည်ကို နားထောင်ပြီး ဆရာကြီးများက “ကောင် လေးကခုတကည်းက “Variation On The Same Tune” အမယ်စုံတီး တတ်နေပါလားဟု ပြောခဲ့ကြောင်း သိရသည်။

ရုပ်ရှင်နောက်ခံဂီတအဖြစ် ကားပေါင်းများစွာမှာ တီးခတ်ခဲ့ပြီး ၂၀၀၅ ခုနှစ်က “မင်္ဂလာပါ”ဆိုသည့် ရုပ်ရှင်ကားတွင်မူ ဂီတအကယ်ဒမီဆုကို မျှော်လင့်ခဲ့ဖူးကြောင်း ထိုကားမှာ ဆုမရသည့်အခါ ဘယ်ကားမှာမျှ မတီးခတ်တော့ဘဲ နေခဲ့သည်မှာ (၇)နှစ်ကြာခဲ့သည်ဟု ဆိုပါသည်။

ယခု ၂၀၁၃ ခုနှစ်အတွက် “ကြယ်စင်မော်ကွန်း”ကားကိုတော့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဇာတ်ကားဖြစ်၍ ပန်းချီစိုးမိုးက တာဝန်ပေးအပ်သည့်ပြင် စစ်ဘက်ကပုဂ်္ဂိုလ်များကလည်း လာရောက်ပန်ကြားသည့်အတွက် တီးခတ်ပေးခဲ့ကြောင်း၊ ဤဇာတ်ကားကို ထုတ်လုပ်သူ ဇော်မင်းအေး(ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၏သား)ကလည်း မိမိကို ရုပ်ရှင်တေးဂီတအတွက် ထိုက်ထိုက်တန်တန်ပေးခဲ့ကြောင်း၊ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသော ဤဇာတ်ကားမှာ တီးခတ်ပြီး ယခုကဲ့သို့ အကယ်ဒမီဆုရရှိခဲ့ကြောင်း ပြောပြပါသည်။

သူသည် အနုပညာနယ်မှ အတွေ့အကြုံတွင် ဤဘ၀ကို ရောက်လာသည်မှာ ရုပ်ရှင်မင်းသား ဦးဝင်းဦး၏ကျေးဇူးကြောင့်ဟု ကျေးဇူးတရားကို ထုတ်ဖော်ခဲ့သည်။ ဦးဝင်းဦးက သူ့ကိုနေရာပေးခဲ့ကြောင်း၊ တခြားသူများက သူ့ကိုမြှောက်စားရပါ့မလားဟု အတိုက်အခံ ဝေဖန်ခဲ့သည်ကိုပင် ၀င်းဦးက ပြန်လည်တုံ့ပြန်ကာ သူ့ကိုနေရာပေးခဲ့ခြင်းဖြစ်ကြောင်း ထို့ကြောင့် ၀င်းဦး၏ ကျေးဇူးတရားကို တသက်လုံးမမေ့ကြောင်း ဖွင့်ဟသည်။

၂၀၀၅ ခုနှစ် “မင်္ဂလာပါ” ဇာတ်ကားမှာ ရုပ်ရှင်နောက်ခံဂီတ တီးခတ်ခဲ့ပြီး အကယ်ဒမီမရခဲ့ မျှော်လင့်သလိုဖြစ်မလာခဲ့၍ ဘာမျှမတီးဘဲနေခဲ့ရာ ယခုကြယ်စင်မော်ကွန်းကားမှာ ဂီတနောက်ခံတီးသည်မှာ ၇ နှစ်ကြာမှ တီးခြင်းဖြစ်သည်။

သူသည် အနုပညာအတွေ့အကြုံ၊ စာပေအတွေ့အကြုံ၊ နိုင်ငံတကာ အတွေ့အကြုံများရှိသူဖြစ်ပြီး ဘ၀မှာ မည်သည့်ပကာသနမျှ မက်မောခြင်းမရှိသူ၊ အကယ်ဒမီဆုနှင့် ဓာတ်ပုံရိုက်သည်ကိုပင် “မလုပ်ပါနဲ့ဗျာ၊ ကျွန်တော်ပုံရိုက်ရင်ပြီးတာပဲ”ဟု ပြောသူ၊ ပြီးတော့ ဓာတ်ပုံရိုက်ရန်အင်္ကျီကောင်းကောင်းဝတ်ပါဟုဆိုလျှင်လည်း စွပ်ကျယ်နဲ့ အိမ်နေရင်း သဘာဝပုံရိုက်ပေါ့ဗျာဟု ပြောကာ ရယ်မောနေသည်။ 

သူသည် ဟန်ပန်မရှိ၊ ပကာသနမရှိ၊ လူမမာဇနီးသည်ကိုလည်း ချစ်ခင်ယုယစွာ ပြုစုသူ၊ စာပေချစ်သူ ဂီတသမားတဦး ဖြစ်သည်။
ယခုနှစ် အကယ်ဒမီဆုကတော့ တကယ့်အနုပညာသမားတယောက်နှင့် တွန်းတိုက်မိသွားပြီဖြစ်၍ နတ်လူသာဓုခေါ်ရမည့် အကယ်ဒမီဆုပင်ဖြစ်တော့သည်။

နိုင်ငံရေးအနေနှင့်ကတော့ သူ၏အယူအဆမှာ-
“ကျွန်တော်တို့က ဒေါ်စု(ဒေါ်အောင်ဆန်းစုကြည်)ကို တခါတလေကျရင် ပျော့တယ်လို့ ထင်နေကြတယ်။ တကယ်က ပျော့မှလည်း ရောနှောနယ်ဖတ်ပေါင်းသင်းလို့ရမှာပေါ့။ မာနေရင် ဘယ်လိုရောလို့ရမှာလဲ။ အဲဒီတော့ တနေ့မှာ ကျွန်တော်တို့ခုဆုပ်ထားတဲ့ လက်သီးတွေဟာပြေပြီး လက်ဝါးဖြန့်ပြီး အချင်းချင်းလက်ဝါးချင်းချိတ်မိကြတဲ့အခါ ရောက်လာမယ်၊ အဲဒီအခါမှာ တကယ်ကောင်းမွန်တဲ့ကာလတခု ရောက်လာမှာပဲလို့ မျှော်လင့်တယ်ဗျာ”ဟု သူယုံကြည်ရာကို ပြောပြသွားပါသည်။

အကယ်ဒမီရပြီးလို့ နောက်တနေ့မှာပဲ ချက်ချင်းသတင်းထွက်ပေါ် သည်က စန္ဒယားတင်ဝင်းလှိုင် အကယ်ဒမီဆုရုပ်သိမ်းခံရသည်ဟူ၍ ဖြစ်သည်။ ဂျာနယ်တိုက်ကိုလည်း ဖုန်းဆက်မေးကြ။ ကျွန်တော် သွားလေရာ ရာမှာလည်း ဟိုကမေး၊ ဒီကမြန်းကြနှင့် . . .
ပြီးတော့ သူ၏ အစီအစဉ် “ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ” လည်း မလာတော့ဘူး။ ပေးမလုပ်တော့ဘူးတူတယ်”ဟု ပြောကြပြန်သည်။ 

ကျွန်တော်လည်း စန္ဒယားတင်ဝင်းလှိုင်အိမ်ကို ဖုန်းဆက်ပြီးမရခင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒု-ဥက္ကဋ္ဌ ဦးအေးကြူလေးကို မေးရာ- “ဒီဆုက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကပေးတဲ့ဆုပဲ။ ပြည်သူကပေးတဲ့ ဆုပဲ။ ဆုက ပြန်ရုပ်သိမ်းစရာအကြောင်းကို မရှိဘူး”ဟု သူကပြောလိုက်သည်။

စန္ဒယားတင်ဝင်းလှိုင်၏ အိမ်သို့ ဖုန်းပြန်ဆက်ရာ- “ကျွန်တော့်ဆု ကျွန်တော့်အိမ်မှာပဲ ရှိနေပါတယ်။ ဘယ်သူမှ လာမသိမ်းပါဘူး။ သတင်း တွေဖြစ်နေလား။ ကျွန်တော်မသိဘူး။ ကျွန်တော်က Happy New Year စားပွဲတက်နေတာ။ ဟာ၊ အဲဒီသတင်းတွေကတော့ ဒလံတွေ လွှင့်တဲ့သတင်းပဲဖြစ်မှာပေါ့ဗျာ”ဟု ကိုတင်ဝင်းလှိုင်က ပြောကြားလိုက်ပါသည်။

ချစ်မောင်(အ၀ကျွန်း)
News Watch Journal ,  
KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment