Pages

Pages - Menu

Tuesday, November 4, 2014

မြန်မာနိုင်ငံကို အီဘိုလာရောဂါ ကာကွယ်ရေး ဝတ်စုံများ WHO ထောက်ပံ့


RangonNewsDaily:: November . 4 .2014
အီဘိုလာ သံသယရှိ လူနာတစ်ဦး မြန်မာနိုင်ငံတွင် တွေ့ရှိပြီးနောက်ပိုင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မြန်မာနိုင်ငံအတွက် အီဘိုလာရောဂါ ကာကွယ်ရေးဝတ်စုံများ ထောက်ပံ့ပေးထားကြောင်း ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
အဆိုပါ ဝတ်စုံများကို ပြည်သူ့ကျန်းမာရေး ပြဿနာအဖြစ် သတ်မှတ်ထားသော နိုင်ငံများအား WHO က သီးသန့် ထောက်ပံ့ပေးခြင်းကြောင့် မြန်မာနိုင်ငံကလည်း ဝတ်စုံခွဲတမ်း ရရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

“နိုင်ငံခြားက လှမ်းပို့တာ ပစ္စည်းစုံဖို့ စောင့်နေတယ်။ ကျန်းမာရေးဦးစီးဌာန အနေနဲ့လည်း ဒီလုပ်ငန်းအတွက် အစိုးရဘတ်ဂျက်ကနေ ဝတ်စုံတွေ ထပ်ဝယ်ထားဦးမယ်။ အီဘိုလာ ဖြစ်ခဲ့သည်ဖြစ်စေ၊ မဖြစ်ခဲ့သည် ဖြစ်စေ။ လူနာကို သယ်ယူပို့ဆောင်တဲ့ ပစ္စည်းတွေ ဝယ်ဖို့လည်း လုပ်နေတယ်။ လက်ကမ်းစာစောင်တွေလဲ စီစဉ်နေတယ်” ဟု ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန တာဝန်ရှိသူက ဆိုသည်။

လက်ရှိတွင် ကျန်းမာရေးဦးစီးဌာနက နိုင်ငံဖြတ်ကျော် ဝင်ပေါက်၊ ထွက်ပေါက်များ ဖြစ်သည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ နေပြည်တော်လေဆိပ်၊ မန္တလေး အပြည်ပြည်လေဆိပ်၊ ညောင်ဦးလေဆိပ်တို့တွင် အီဘိုလာဗိုင်းရပ်စ်၏ ကနဦးလက္ခဏာ ဖြစ်သည့် အဖျားစစ်ဆေးသည့်စက် Infrared Fever Screening System (Thermal Scan) ဖြင့် တိုးချဲ့စစ်ဆေးလျက် ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယင်းအပြင် အပြည်ပြည်ဆိုင်ရာ သင်္ဘောများ မြန်မာနိုင်ငံ ဆိပ်ကမ်းကပ်မည် ဆိုပါက ဆိပ်ကမ်းကျန်းမာရေးဌာန စစ်ဆေးမှုများအနက် ဖျားနာမှုအတွက်ပါ ထပ်တိုးစစ်ဆေးမည် ဖြစ်ကြောင်း၊ မသင်္ကာဖွယ်ရာအဖျား တွေ့ရှိပါက ခရီးသွားရာဇဝင် မေးမြန်းခြင်းတို့ လုပ်ကိုင်နေကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကျန်းမာရေး ဝန်ထမ်းများအနေနှင့် အီဘိုလာဗိုင်းရပ်စ် ရောဂါလူနာကို ကာကွယ်ကုသရာတွင် ကိုယ်ခန္ဓာ ကာကွယ်ရေး ဝတ်စုံနှင့် ပစ္စည်းများ ပြည့်စုံစွာ စနစ်တကျ ဝတ်ဆင်၍ လုပ်ငန်းဆောင်ရွက်ရန်နှင့် ယင်းကဲ့သို့ ဝတ်ဆင်ခြင်းမပြုဘဲ လူနာကို ထိတွေ့ကိုင်တွယ်ခြင်း မပြုရန် ကျန်းမာရေး ဝန်ကြီးဌာနက ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ်ရောဂါ သတိပေး နှိုးဆော်ချက်တွင်လည်း သတိပေးထားသည်။

ယခုနှစ်ဆန်းပိုင်းမှ အောက်တိုဘာလ ၂၇ ရက်နေ့ထိ တစ်ကမ္ဘာလုံးတွင် အီဘိုလာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူ ၁၄,၀၀၀ နီးပါးနှင့် သေဆုံးသူ ၅၀၀၀ နီးပါးရှိကြောင်း WHO ထုတ်ပြန်ချက်အရ သိရသည်။

The Voice , KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment