Pages

Pages - Menu

Tuesday, November 25, 2014

အင်ဒိုနီရှားသမ္မတ ဂျိုကိုဝီ စင်ကာပူနိုင်ငံသို့ တိတ်တဆိတ်သာမာန်လေကြောင်းလိုင်းဖြင့် သွားရောက်


RangonNewsDaily:: November . 25 .2014
နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အင်ဒိုသမ္မတနှင့် ဇနီးတို့သည် စင်ကာပူနိုင်ငံသို့ တိတ်တဆိတ် သာမာန်လေကြောင်းလိုင်းဖြင့် ရောက်ရှိကြောင်း သိရသည်။ ၄င်းတို့ နှစ်ဦး ချန်ဂီလေယာဉ်ကွင်းသို့ ညနေပိုင်း ဆိုက်ရောက်ချိန်တွင် စင်ကာပူနိုင်ငံ ဆိုင်ရာ အင်ဒိုသံအမတ်ကြီးမှာ ဆိုက်ရောက်ဂိတ်သို့ အလောတကြီး ရောက်ရှိ လာခဲ့သည်။

သူတို့ ခေတ္တ စကားရပ်ပြောခဲ့ကြပြီး ဂျို ကိုဝီနှင့် ဇနီးတို့မှာ ၄င်းတို့ ခေါ်ယူထား သည့် တက္ကစီပေါ် တက်သွားကြရာ သံအမတ်ကြီးနှင့် အဖွဲ့မှာ အတူမလိုက်ပါရပဲ ကျန်ရစ်ခဲ့လေသည်။
ဂျိုကိုဝီနှင့် ဇနီးတို့ လိုက်ပါစီးနင်းလာသည့် တက္ကစီမှာ ည ၇ နာရီခန့်တွင် စင်ကာပူနိုင်ငံရှိ ပုဂ္ဂလိက အထက်တန်းကျောင်း Anglo Chinese School သို့ ရောက်ရှိလာရာ ACS ဒုကျောင်းအုပ်က ကြိုဆိုခဲ့သည်။ ၄င်းတို့ ဇနီးမောင်နှံ ၂ ဦးသည် သားငယ်၏ အထက်တန်းအောင် IB ဒီပလိုမာချီးမြင့်ပွဲသို့ တက်ရောက်လာခြင်း ဖြစ်သည်။
မိခင်ဖြစ်သူနှင့် အစ်မတစ်ဦးတို့သာ တက်ရောက်ကြမည်ဟု ကြိုသိထားသည့် သားဖြစ်သူ Kaesang မှာ ဖခင်ဖြစ်သူကို မြင်တွေ့ရသည့်အခါ လွန်စွာ ၀မ်းသာ အားရဖြင့် ဖခင်ဖြစ်သူကို ပြေးဖက်ကာ ဂါရ၀ ပြုခဲ့သည်။ Kaesang ၏ သူငယ်ချင်းများကလည်း လှုပ်လှုပ်ရှားရှားဖြစ်ကုန်သည်။ စင်ကာပူနိုင်ငံ ၏ တောင်ဘက်မှ စစ်အာဏာရှင်လက်ထက် ဗိုလ်ချုပ်ကြီးများနှင့် အပြိုင် အဆိုင် ရွေးကောက်ပွဲ အနိုင်ကျဲခဲ့သည့် ဂျိုကိုဝီသည် စင်ကာပူ မီဒီယာများ ၏ ၂၀၁၄ မျက်နှာဖုံးသတင်းများ ဖြစ်ခဲ့သည်။
ACS ကျောင်းတွင် အင်ဒိုသမ္မတကြီးအား ဧည့်ခံရန် ပြင်ဆင်ထားမှု မရှိပေ။ ဂုဏ်ပြု ညစာစားပွဲသည်လည်း သာမာန် ကျောင်းသားမိဘများနှင့် အတူဖြစ် သည်။ ဂျိုကိုဝီနှင့် ဇနီးတို့မှာလည်း သာမာန် အရပ်သားဝတ်စုံများနှင့် သာဖြစ် သည်။ ဂျို ကိုဝီက သာမာန် ပါတီရှပ် ၀တ်ဆင်ထားပြီး ဇနီးဖြစ်သူမှာ ဆွဲကြိုးပင် ၀တ်ဆင်ထားခြင်းမရှိပေ။
ဆုပေးပွဲ အပြီးတွင် ဂျိုကိုဝီက Kaesang ၏ သူငယ်ချင်းများဖြင့် Selfie များ တဖျပ်ဖျပ် ရိုက်ကြသည်။ စင်ကာပူ မီဒီယာများလည်း သတင်းရရခြင်း အဆိုပါကျောင်းသို့ အပြေးအလွားရောက်လာကြရာ ဂျိုကိုဝီက မေးခွန်း အချို့အား ဖြေကြားခဲ့သည်။ ဂျိုကိုဝီက "၂၀၁၄ တလျောက်လုံး သားကို အချိန်မပေးနိုငခဲ့သဖြင့် အခုလို လာရောက်ခြင်းဖြစ်ကြောင်း၊ ယခုကိစ္စသည် သူ၏ ကိုယ်ရေးကိုယ်တာ မိသားစု ကိစ္စဖြစ်သဖြင့် စင်ကာပူ အစိုးရအားလည်း ကြိုတင် အကြောင်းမကြားထားကြောင်း" ဖြေကြားခဲ့သည်။
၎င်းက ဆက်လက်ပြီး " ကျနော်ရဲ့ ကိုယ်ရေးဝန်ကိုတော့ အသိပေးခဲ့ရတာပေါ့ ဗျာ။ နို့မဟုတ်ရင် သမ္မတပျောက်တယ်ဆိုပြီး အထိတ်တလန့် ဖြစ်ကုန်မှာပေါ့" ဟု အရွှန်းဖောက် ပြောကြားခဲ့သည်။ သတင်းထောက်များကို ဖြေရင်း၊ သားဖြစ်သူ ၏ သူငယ်ချင်းများ၏ ဖုန်းများဖြင့် ဓါတ်ပုံရိုက်ခံခြင်းတို့ကို ပြုလုပ်နေချိန်တွင် စင်ကာပူအစိုးရအရာရှိအချို့ ရောက်ရှိလာသည်။
စင်ကာပူ ၀န်ကြီးချုပ်က ဂျိုကိုဝီအား စင်ကာပူအစိုးရ၏ အထူးဧည့်ဆောင်တွင် တစ်ညတာ ခိုနားပြီး ၄င်းနှင့်အတူ မနက်စာ အတူစားပြီးကာမှ ဂျကာတာ သို့ ပြန်ပါ ရန် တောင်းဆိုလိုက်ခြင်း ဖြစ်သဖြင့် ဂျိုကိုဝီတို့ ဇနီးမောင်နှံမှာ မငြင်းသာပေ။
နိုဝင်ဘာလ ၂၂ ရက်နေ့ မနက်စာကို အတူစားနေကြသည့် ပုံကို စင်ကာပူ ၀န်ကြီးချုပ်၏ ဖေ့ဘုတ်စာမျက်နှာသို့ တင်ခဲ့သည်။ စင်ကာပူ ၀န်ကြီးချုပ်နေအိမ် သို့ ဂျိုကိုဝီက သားဖြစ်သူအား ခေါ်ဆောင်သွားခြင်း မရှိပေ။
မနက်စာ စားအပြီးတွင် ဂျိုကိုဝီက ၄င်း၏ တွစ်တာပေါ်တွင် " Kaesang ကတော့ SMU မှာ ဆက်တက်ချင်ပါတယ်။ ဒါပေမယ့် ကျနော် စဉ်းစားဆဲပါ" ဟု ရေးသားခဲ့သည်။

The Ladies News Journal , KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment