Pages

Pages - Menu

Saturday, October 4, 2014

ဗြိတိန်စုံတွဲကို သတ်ခဲ့ကြောင်း ၀န်ခံသော မြန်မာနှစ်ဦး၏ DNA မှာ သေဆုံးသူကိုယ်ပေါ်မှ နမူနာနှင့် ကိုက်ညီနေ


RangonNewsDaily:: October . 4 .2014
ဗြိတိန် ကမ္ဘာလှည့် ခရီးသည် စုံတွဲနှစ်ဦး အသတ်ခံရမှုတွင် သေဆုံးသူ နှစ်ဦးအနက် တစ်ဦးထံမှ ရယူထားသည့် DNA နမူနာများက ပြစ်မှုဝန်ခံထားသူ မြန်မာလုပ်သား နှစ်ဦး၏ DNA နှင့် ကိုက်ညီမှု ရှိကြောင်းလည်း ထိုင်းရဲတပ်ဖွဲ့၏ အဆိုကို ကိုးကားပြီး Bangkok Post သတင်းစာက ဖော်ပြခဲ့သည်။
၎င်းက စစ်ဆေးမှု ရလဒ်များအရ အသတ်ခံရသူ အမျိုးသမီးထံမှ ရရှိထားသည့် DNA နမူနာများနှင့် သံသယ တရားခံ နှစ်ဦး၏ DNAတို့ ကိုက်ညီမှု ရှိနေကြောင်းလည်း အတည်ပြုခဲ့သည်။

ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ အကြီးအကဲ ဒီချာ ဘတ်ထရာနမ့်ဖတ်ခ်ျကလည်း သံသယ တရားခံများကို DNA စစ်ဆေးမှုရလဒ် ကိုက်ညီမှု ရှိနေကြောင်း ပြောကြားခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့သည် လူသတ်မှုနှင့် စပ်လျဉ်းပြီး မသင်္ကာသူ မြန်မာနိုင်ငံသား (၃)ဦးကို အောက်တိုဘာ (၁)ရက်က ထိန်းသိမ်းခဲ့သည်။ ယင်းတို့အနက် (၂)ဦး၏ DNAများသည် သေဆုံးသူ ယီသာရစ်ခ်ျထံမှ ရရှိခဲ့သည့် DNA နမူနာနှင့် ကိုက်ညီနေခြင်းဟု သိရသည်။



“တတိယမြောက် သံသယ တရားခံကတော့ လူသတ်မှု မဖြစ်ခင်မှာတင် အဲဒီ အခင်းဖြစ်ရာ နေရာကနေ သူထွက်ခွာသွားတယ်လို့ ထွက်ဆိုထားပါတယ်”ဟု ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲ ဆွမ်ယွတ်က ဆိုသည်။ ထို့အပြင် သံသယ တရားခံ နှစ်ဦးစလုံးသည် ဗြိတိန်အမျိုးသမီး ယီသာရစ်ခ်ျကို မုဒိမ်းကျင့်ခဲ့ကြောင်းလည်း ဆိုသည်။


အသက်(၂၄)နှစ်ရှိ ဒေးဗစ်မီလာနှင့် အသက်(၂၃)နှစ်အရွယ် ဟန်နာယီသာရစ်ခ်ျတို့ နှစ်ဦးသည် စက်တင်ဘာ (၁၄)ရက် ညဥ့်သန်းခေါင် အချိန်တွင် ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရတ်ဌာနီ ခရိုင်၊ ခိုတောင်ကျွန်း (လိပ်ကျွန်း)တွင် အသတ်ခံရပြီး နောက်တစ်နေ့တွင် ၎င်းတို့၏ ရုပ်အလောင်းများကို ရှာဖွေ တွေ့ရှိခဲ့သည်။


ဆူရတ်ဌာနီ ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ဖူးပြီး ယခုစုံစမ်း စစ်ဆေးမှုတွင် အဓိက ဦးဆောင်ပါဝင်သူ တစ်ဦးဖြစ်သည့် ရဲမှူး ကီယတ်ပွိုင် ခေါ်ဆာမန်းက “သံသယ တရားခံ နှစ်ယောက်စလုံးက သေဆုံးသူ အမျိုးသမီးကို မုဒိမ်းကျင့်ခဲ့ပါတယ်”ဟု ဆိုသည်။ ၎င်းက ဗြိတိန်စုံတွဲ နှစ်ဦးစလုံးသည် အခင်းဖြစ်ရာ နေရာအနီးတွင် တွေ့ရသည့် သွေးစွန်းနေသော ပေါက်ချွန်းနှင့် သစ်သားတုတ် တစ်ချောင်းတို့ဖြင့် ရိုက်နှက်သတ်ဖြတ် ခံရခြင်းဟုလည်း အတည်ပြုခဲ့သည်။



အစောပိုင်းက ထိုင်းရဲတပ်ဖွဲ့သည် သေဆုံးသူ အမျိုးသမီး၏ ခန္ဓာကိုယ်၌ DNA မတူသော လူနှစ်ဦး၏ သုက်ပိုးများကို စုဆောင်း ရရှိခဲ့ကြောင်း ကြေညာခဲ့ပြီး ပြစ်မှုကျူးလွန်သူများသည် အာရှသားများဖြစ်ကြောင်း ပြောကြားထားခဲ့သည်။


ထိုင်းရဲတပ်ဖွဲ့သည် အဆိုပါ မြန်မာနိုင်ငံသား (၃)ဦးကို အခင်းဖြစ်ပွားပြီး ရက်ပိုင်းအတွင်း ခေါ်ယူစစ်ဆေးဖူးသော်လည်း ပြန်လွှတ်ပေးခဲ့သည်။ ယင်းတို့အနက် နှစ်ဦးသည် အခင်းဖြစ်သည့် နေရာအနီး စားသောက်ဆိုင် တစ်ခုတွင် အလုပ်လုပ်နေကြသူများ ဖြစ်သည်။ အခြားတစ်ဦးမှာ ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးပြီးနောက် ခိုတောင်မှ ထွက်ပြေး တိမ်းရှောင်နေခဲ့ကြောင်းလည်း သိရသည်။

BBC သတင်းဌာနက ထိုင်းရဲတပ်ဖွဲ့သည် လူသတ်မှု ကျူးလွန်ကြောင်း ဝန်ခံထားသည့် မြန်မာနိုင်ငံသား နှစ်ဦးနှင့် ပတ်သက်ပြီး အောက်တိုဘာ (၃)ရက်တွင် ခိုတောင်၌ သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ဖွယ် ရှိကြောင်းလည်း ဖော်ပြထားသည်။

Ref- Bangkok Post, BBC, KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment