Pages

Pages - Menu

Saturday, October 25, 2014

တစ်လကြာ အဖမ်းခံထားရသည့် အလွတ်သတင်းထောက် အောင်နိုင်(ခ) ကိုပါကြီး ကို အသေဖမ်းဆီးမိဟု တပ်မတော်ထုတ်ပြန်


RangonNewsDaily:: October . 25 .2014
တစ်လနီးပါးကြာ ပျောက်ဆုံးနေသော အလွတ်သတင်းထောက် အောင်နိုင်(ခ) ကိုပါကြီးသည် တပ်မတော်က ထိန်းသိမ်းထားစဉ် အစောင့်စစ်သည်ထံမှ သေနတ်လုယူ ထွက်ပြေးရန် ကြိုးပမ်းသည့်အတွက် ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေနတ်ဒဏ်ရာဖြင့် အသေဖမ်းဆီးရမိကြောင်း အောက်တိုဘာ ၂၃ ရက်နေ့တွင် တပ်မတော်က သတင်းထုတ်ပြန်လိုက်သည်။
တပ်မတော်၏ အဆိုအရ ယင်းအလွတ်သတင်းထောက် ကိုပါကြီးသည် လက်နက်ကိုင် KKO အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့် အောင်နိုင်အဖြစ် စစ်ဆေးသိရှိသောကြောင့် တပ်မတော်က ထိန်းသိမ်းထားစဉ် ယင်းသို့ ဖြစ်ပွားခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မွန်ပြည်နယ် ကျိုက်မရောအနီး အစိုးရတပ်မတော်နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် တပ်မတော်က စက်တင်ဘာ ၃၀ ရက်နေ့တွင် ကျိုက်မရောမြို့ စက်လှေဆိပ်နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေစဉ် စက်လှေတစ်စီးပေါ်တွင် ရေစိုလျက် ရွှံ့ဗွက်များဖြင့် ပေကျန်နေသော အမျိုးသားတစ်ဦးကို နယ်မြေခံ အမှတ် (၂၀၈) ခြေမြန်တပ်ရင်းသို့ လွှဲပြောင်းစစ်ဆေးခဲ့ရာ KKO စောဆန်းအောင်အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့် အောင်နိုင်ဖြစ်သည်ဟု ထွက်ဆိုကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် ကျိုက်မရောမြို့ တိုက်ပွဲတွင် KKO အဖွဲ့၏ လက်နက်များ သိမ်းဆည်းထားသည့် နေရာကို လိုက်လံပြသရန်အတွက် ကျိုက်မရောမြို့နယ် ရွှေဝါချောင်း ကျေးရွာအနီးသို့ ရောက်ရှိစဉ် ညဘက် ဦးအောင်နိုင်က အပေါ့သွားရန်ဟု အကြောင်းပြချက်ဖြင့် ကင်းစောင့်စစ်သည်ကို လုံးထွေးပြီး သေနတ်လုယူ ထွက်ပြေးရန် ကြိုပမ်းကြောင်း၊ ယင်းကြောင့် ကင်းစောင့်စစ်သည်က ပစ်ခတ်ဖမ်းဆီးရာ သေနတ်ဒဏ်ရာဖြင့် အသေဖမ်းဆီးရမိခဲ့ကြောင်း ယင်းသတင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သေဆုံးသူ အလောင်းကို ရွှေဝါချောင်းကျေးရွာ၏ တောင်ဘက် မီတာ ၈၀၀ ခန့် အကွာတွင် တပ်မတော်က ကောင်းမွန်စွာ မြေမြုပ်သင်္ဂြိုဟ်ထားပြီး ဖြစ်ကြောင်း၊ သေဆုံးသူ၏ မိန်းမဖြစ်သူကိုလည်း ဖြစ်စဉ်အခြေအနေများကို အသိပေးပြီး ကူညီထောက်ပံ့မှုများ ပေးအပ်မည်ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

သို့သော် အောင်နိုင်(ခ)ကိုပါကြီး၏ ဇနီးဖြစ်သူ ဒေါ်သန္တာက ကိုပါကြီးကို ဖမ်းဆီးမှုသည် ဥပဒေမဲ့ မတရား ဖမ်းဆီးချုပ်နှောင်ထားခြင်း ဖြစ်ကြောင်း၊ ယင်းသို့ မတရားဖမ်းဆီး ချုပ်နှောင်မှုနှင့် ပတ်သက်ပြီး သမ္မတ အပါအဝင် ဝန်ကြီးဌာန ၁၉ ခုသို့ စာတင်ထားကြောင်း အောက်တိုဘာ ၂၁ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ရွှေတောင်ကျောင်းတိုက်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုထားသည်။

ယင်းသို့ အောင်နိုင်(ခ)ကိုပါကြီး သေဆုံးကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခြင်းနှင့် ပတ်သက်ပြီး ဇနီးဖြစ်သူထံ The Voice က ဆက်သွယ်သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။

ကိုပါကြီးသည် ထိုင်း-မြန်မာနယ်စပ် သတင်းဆောင်းပါးများကို ရေးသား၍ ပြည်တွင်းမီဒီယာများသို့ ပေးပို့သူဖြစ်ပြီး အောင်ကြီး၊ ပါကြီး စသည့် ကလောင်အမည်များဖြင့် ရေးသားသူတစ်ဦး ဖြစ်ကြောင်း မော်လမြိုင်ဒေသခံ သတင်းထောက်တစ်ဦးက ပြောကြားသည်။

ကိုပါကြီးသည် ၁၉၈၈ ခုနှစ် နိုဝင်ဘာလတွင် ဖွဲ့စည်းခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်) ၏ ပထမဦးဆုံး ဗဟိုလူငယ် ၁၉ ဦးတွင် ပါဝင်ခဲ့ပြီး ကရင်ပြည်နယ် တာဝန်ခံအဖြစ် ၁၉၈၉ ခုနှစ် မေလအထိ တာဝန်ယူခဲ့သူ ဖြစ်သည်။

ယင်းနောက်ပိုင်းတွင် သုံးရောင်ခြယ် အဖွဲ့ဝင်အဖြစ် တပ်ဦးတာဝန်များကို ထမ်းဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူများထံမှ သိရှိရသည်။

ကိုပါကြီးမှာ အလွတ်သတင်းထောက်တစ်ဦး ဖြစ်သည်ကိုသာ သိထားကြောင်း၊ တပ်မတော်၏ ယခုထုတ်ပြန်ချက်မှာ ထူးခြားပြီး မည်သည်က အမှန်ဆိုသည်ကို မပြောနိုင်ကြောင်း၊ သို့သော် တပ်မတော် အောက်ခြေအဖွဲ့အစည်းမှ သတင်းမှန်ဖုံးကွယ်သည်မျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်သကဲ့သို့ ကိုပါကြီးသည် အမှန်တကယ်လည်း KKO အဖွဲ့မှ ဖြစ်ဖွယ်ရှိနိုင်ကြောင်း မော်လမြိုင် ဒေသခံများက သုံးသပ်ပြောကြားသည်။

The Voice , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment