Pages

Pages - Menu

Saturday, September 27, 2014

ကျိုက်မရောမြို့နယ်အတွင်း ခလရ (၂၀၈) မှ မော်တော်ယာဉ်အား DKBA ကလို့ထူးဘောအဖွဲ့က ပစ်ခတ်ရာမှ နှစ်ဖက်တပ်ကြား ထိတွေ့မှုဖြစ်ပွား


RangonNewsDaily:: September . 27 .2014
ကျိုက်မရောမြို့နယ် ကလိုင်းကနိုင်ကျေးရွာအုပ်စု ကရင်တောကျေးရွာရှိ DKBA ကလို့ထူးဘော
အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိသူ၏ ဂိတ်သို့ စက်တင်ဘာ ၂၆ ရက် နံနက် ၁ဝ နာရီခွဲခန့်တွင် ခလရ (၂ဝ၈) တပ်ရင်းမှ မော်တော်ယာဉ်ရောက်ရှိလာရာ ကလို့ထူးဘော စစ်ဗျူဟာအဖွဲ့မှ အဆိုပါမော်တော်ယာဉ်အား ခြောက်လှန့်ပစ်ခတ် တားဆီးခဲ့ပြီး ယာဉ်ပေါ်ပါလာသည့် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့သဖြင့် နှစ်ဖက်တပ်များအကြား ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးထိန်းသိမ်းခံရသူများမှာ ခလရ (၂ဝ၈) မှ ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦးပါ ၁၂ ဦး၊ ကျိုက်မရောမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ်တစ်ဦး၊ တပ်ကြပ်ကြီးနှစ်ဦး၊ တပ်သားနှစ်ဦး၊ ရဲသတင်းတပ်ဖွဲ့မှ ရဲအုပ်တစ်ဦး၊ ကျိုက်မရောမြို့နယ် စရဖတပ်စွယ်မှ တပ်ကြပ်ကြီးတစ်ဦးနှင့် စုစုပေါင်း ၁၉ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

ထို့နောက် မွန်းတည့် ၁၂ နာရီခန့်တွင် အဆိုပါထိတွေ့ မှု ဖြစ်ပွားရာနေရာသို့ ခလရ (၂ဝ၈) မှ နယ်မြေရှင်းလင်းရာတွင် ခလရ (၂ဝ၈) မှ တပ်ခွဲမှူး ဗိုလ်မှူးတစ်ဦးအား ဝဲဘက်ပေါင် သေနတ်ဒဏ်ရာတစ်ချက်ဖြင့် လည်းကောင်း၊ ၁ နာရီ ၁၅ မိနစ်တွင် စရဖတပ်ကြပ်ကြီးအား လည်းကောင်း၊ ၁ နာရီ မိနစ် ၂ဝ ခန့်တွင် ရဲတပ်ကြပ်ကြီးအား လည်းကောင်း၊ ၂ နာရီ ၄၅ မိနစ်တွင် ဒုရဲအုပ်တစ်ဦးအား လည်းကောင်း ထိန်းသိမ်းထားရာမှ ပြန်လွှတ်ပေးခဲ့ကြောင်း၊ ညနေ ၃ နာရီခန့်တွင် အထက်ပါ ကလို့ထူးဘော စစ်ဗျူဟာအဖွဲ့သည် ထိတွေ့မှုဖြစ်ပွားရာနေရာမှတစ်ဆင့် နိတုံကျေးရွာဘက်သို့ ကျေးရွာချင်းဆက်လမ်းအတိုင်း ဆုတ်ခွာသွားကြောင်း၊ ညနေ ၄ နာရီ မိနစ်၂ဝ ခန့်တွင် ဖမ်းဆီးထိန်းသိမ်းထားသူ အားလုံးကို ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
::
“မနက် ၁ဝ နာရီခွဲလောက် ရှိမယ်။ စစ်တပ်ကားသွားတာ DKBA ကတားပြီးတော့ ကားပေါ်ကနေ ပေးဆင်းခိုင်းတယ်။ အဲဒါ စစ်သားက မဆင်းဘူး။ အဲဒါနဲ့ ဂိတ်ထဲက ပစ်မိန့်ပေးတော့ ကားဘီးလေးဘီးကို ပစ်ဖောက်လိုက်တယ်။ ပြီးတော့ စစ်သားတွေကို အရာရှိလည်း ပါတယ်။ ဆင်းခိုင်းပြီးတော့ အင်္ကျီအဝတ်အစား ချွတ်ခိုင်းပြီး ဘောလုံးကွင်းထဲ နေပူထဲမှာ ပေးနေထားတယ်လို့ ကြားတယ်။ စစ်ကားနောက်ကနေ ကျောက်တင်တဲ့ကားတွေလည်းပါတယ်” ဟု ကျိုက်မရောမြို့ခံတစ်ဦးက ပြောကြားသည်။

“မနက် ၁ဝ နာရီလောက်မှာ လက်နက်ငယ် ပစ်သံကြားတယ်။ မွန်းလွဲ ၁ နာရီလောက် ရဲကားတွေရောက်လာတဲ့ အချိန်ကျတော့ လက်နက်ကြီးကျတဲ့အသံ သုံးကြိမ်လောက်ကြားရတယ်။ ဘယ်ဘက်က ပစ်တယ်ဆိုတာတော့ မသိဘူး။ DKBA ဘက်က လူ ၁ဝ ယောက်ကျော် ထိန်းထားတယ်လို့ ကြားတယ်။
::
နောက်ဆုံးကြားတာကတော့ သူတို့လူကြီးအချင်းချင်း ညှိနှိုင်းနေတယ်လို့ ကြားတယ်။ ကလိုင်းကနိုင် စံပြကျေးရွာ အပေါ်ရွာမှာရှိတဲ့ DKBA ဂိတ်မှာဖြစ်တာ။ ကားဘီးပစ်ဖောက်ပြီးတဲ့အချိန် နောက်ပိုင်းမှာ ခြံသမားတွေကို ပေးပြန်လိုက်တယ်။ ရွာသားတွေအချို့လည်း ရွာကနေ ထွက်လာကြတယ်” ဟု ကလိုင်းကနိုင် စံပြကျေးရွာသားတစ်ဦးက ပြောကြားသည်။

“အိမ်ဘေးက သင်္ချိုင်းဘေးမှာ လက်နက်ကြီးကျတယ်။ နေ့လယ်ကတည်းက ရွာကထွက်လာတာ။ တစ်ခါမှလည်း မကြုံဖူးဘူး။ အိမ်ကထွက်လာတာ ဘာမှပါမလာဘူး။ ကျောင်းကလည်း ကလေးတွေကို နေ့လယ်ထမင်းစားချိန် ပြန်လွှတ်လိုက်တယ်။ ပြီးတာနဲ့ ကလေးတွေခေါ်လာပြီး ဒီဘုရားကြီး (ကျိုက်မရော ဆုတောင်းပြည့်ဘုရားကြီး) ကို ရောက်လာတာ” ဟု ကလိုင်းကနိုင် အပေါ်ရွာမှ ဒေသခံတစ်ဦးက ပြောကြားသည်။
::
နောက်ဆက်တွဲ သတင်းများအရ ညနေ ၆ နာရီခွဲခန့်တွင် တပ်မတော်မှ တပ်ရင်းများ၊ ရဲတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သတင်းရရှိသည်။

Eleven Media ::--KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment