Pages

Pages - Menu

Sunday, September 14, 2014

သင်္ဃန်းကျွန်း၊ ၁၆/၁ ရပ်ကွက်တွင် ဓာတ်တိုင်မှ ၀ိုင်ယာရှော့ဖြစ်ပြီး ရေစိုနေ သည့် လမ်းပေါ်သို့ လျှပ်စစ်စီးဝင်ကာ အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦး ဓာတ်လိုက်သေဆုံး


RangonNewsDaily:: September . 14 .2014
သင်္ဃန်းကျွန်းမြို့နယ်တွင် ဓာတ်တိုင်မှ လျှပ်စစ်ဝါယာရှော့ဖြစ်ကာ ရေစိုနေသည့် လမ်းပေါ်သို့ လျှပ်စစ်စီးဝင်ပြီး အနီးတွင်ရှိနေသည့် လမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးတို့ ဓာတ်လိုက်သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု စက်တင်ဘာ ၁၂ ရက်ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေရာမှာ သင်္ဃန်းကျွန်းမြို့နယ် ၁၆/၁ ရပ်ကွက်၊ ဇဋိလလမ်းနှင့် သုမင်္ဂလာလမ်းထောင့်ရှိ ဓာတ်တိုင်အနီးတွင်ဖြစ်ပြီး ယင်းနေ့ ည ၈ နာရီခွဲခန့်က အဆိုပါဓာတ်တိုင်မှ လျှပ်စစ်ဝါယာရှော့ ဖြစ်ပွားကာ အနီးတွင်ရှိနေသည့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၁ဝ နှစ်အရွယ် ကလေးတို့ ဓာတ်လိုက်သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်ကိုယ်တွေ့များက ပြောကြားသည်။

ဖြစ်စဉ်အနီးတွင် ရှိနေသည့် ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးမျိုးလွင်က “ဖြစ်တဲ့အချိန်က မိုးလည်းရွာနေတယ်။ သေသွားတဲ့ကလေးမလေးတွေက အခွေငှားပြီးပြန်လာလို့ မိုးရွာနေတော့ အဲဒီဓာတ်တိုင်နားမှာရှိတဲ့ ကားမှတ်တိုင်နားမှာ မိုးခိုရင်းထိုင်နေတာ။ 
::
ဓာတ်တိုင်က မီးပန်းတွေပွင့်ပြီး တဖြောင်းဖြောင်းနဲ့ဆိုတော့ သူတို့လည်း လန့်ပြီးထွက်ပြေးရင်း လမ်းပေါ်မှာတင် ဓာတ်လိုက်သေရှာတာပါပဲ။ ဓာတ်ကြိုးက ပြတ်ကျတာဟုတ်ဘူး။ လမ်းပေါ်မှာ ရေတွေကစီးနေတော့ ဓာတ်တိုင်က လျှပ်စစ်စီးဝင်တယ်လို့ပဲ ထင်ရတယ်။ 

မီးပြတ်သွားလို့ တော်သေးတယ်။ နို့မို့ ဒီမှာရှိတဲ့လူတွေက ဘုမသိဘမသိနဲ့ ရေထဲဖြတ်လျှောက်မိရင် သေကုန်မှာ” ဟု The Daily Eleven သတင်းစာသို့ အခင်းဖြစ်ပွားရာ နေရာတွင် ပြောကြားသည်။
::
ထိုကဲ့သို့ ရှော့ဖြစ်ခဲ့သည့်ဓာတ်တိုင်မှာ ယခင်ကလည်း မကြာခဏဆိုသလို ရှော့ဖြစ်လေ့ရှိပြီး ထိုကဲ့သို့ လျှပ်စစ်အန္တရာယ်များ ရှိနေသဖြင့် နေထိုင်သွားလာရသည်မှာ မလုံခြုံတော့သကဲ့သို့ ခံစားရကြောင်း အဆိုပါ ရပ်ကွက်ရှိ ပြည်သူများက ပြောကြားကြသည်။

ရပ်ကွက်နေသူတစ်ဦးက “လျှပ်စစ်ဝန်ကြီးဌာနကို ပြောချင်တာက ဒီလိုစုတ်ပြတ်နေတဲ့ ဓာတ်ကြိုးတွေကို အသစ်ပြန်လဲပေးပါလို့ ပြောချင်တယ်။ အခုနောက်ပိုင်း သတင်းစာတွေထဲမှာလည်း ဖတ်နေရတယ်။ လမ်းသွားရင်း၊ ဈေးဝယ်ရင်း လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျပြီးသေတဲ့ ဖြစ်စဉ်တွေ များလာပြီ။ ကိုယ်တွေလည်း ဒီလိုဘယ်အချိန်ဖြစ်မလဲ ဆိုတာ မပြောတတ်တော့ဘူး။ လမ်းပေါ်မှာ သွားလာရတာ အသက်အန္တရာယ် မလုံခြုံတော့ဘူး ခံစားရတယ်” ဟု ပြောကြားသည်။
::
အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာသည့် လျှပ်စစ်ဝန်ထမ်းတစ်ဦးက “ဘာကြောင့် ဖြစ်တယ်ဆိုတာ မသိရသေးပါဘူး။ ဓာတ်ကြိုးက ပြတ်မကျဘဲဘာလို့ လျှပ်စစ်စီးဝင်ရတာလဲဆိုတာ အခုစစ်ဆေးမှ သိရမှာပါ။ လောလောဆယ်တော့ မပြောနိုင်သေးပါဘူး” ဟု ဖြေကြားခဲ့သည်။

ယခုဖြစ်စဉ်တွင် အသက်သေဆုံးခဲ့ရသည့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီး၏ အစ်မဖြစ်သူက “ကျွန်မညီမလေးပါ။ ညနေက အခွေသွားအပ်မယ်ဆိုပြီး ထွက်သွားပြီး အခုလိုအဖြစ်ဆိုးနဲ့ ကြုံတွေ့ရတာပဲ။ သူနဲ့အတူ သေဆုံးသွားတဲ့ ကလေးမလေးကလည်း အိမ်နားက။ အတူတူ အဖော်လိုက်သွားတာ။ နှစ်တန်းတက်နေတာ။ အသက်က ၁ဝ နှစ်ပဲ ရှိသေးတယ်” ဟု ပြောကြားသည်။
::
ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ယခုနှစ်အတွင်း လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျမှုများကြောင့် ဓာတ်လိုက်ကာ လူရှစ်ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရသည်။

လူနှစ်ဦးဓာတ်လိုက် သေဆုံးခဲ့ရသည့် အခင်းဖြစ်ပွားရာနေရာကို စက်တင်ဘာ ၁၂ ရက် ည ၉ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်) 

Eleven Media ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment