Pages

Pages - Menu

Thursday, September 25, 2014

ပြိုင်ကားစုရပ်များကို ဝင်ဖမ်းမည်

RangonNewsDaily:: September . 25 .2014
ရန်ကုန်မြို့တော်အတွင်း ညဥ့်နက် အချိန်တွင် ပြိုင်ကားများ အရှိန်မြှင့် မောင်းနှင်မှုများ ပျောက်ကွယ်သွားခြင်း မရှိသောကြောင့် ပြိုင်ကားများ စုဝေးသော နေရာများကို ဝင်ရောက် ဖမ်းဆီးမှုများ စတင်လုပ်ဆောင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားသည်။
စက်တင်ဘာလ ၂၃ ရက်နေ့တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

“ပြိုင်ကားက အရှိန်အဟုန်နဲ့ မောင်းလာတာကို တားဆီးဖမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒီတော့စပြီး ပြိုင်ဖို့စုဝေးတဲ့ နေရာတွေကို အဖွဲ့ဖွဲ့ပြီး ဝင်ဖမ်းမယ်။ ဥပဒေနဲ့ ပတ်သက်ရင် ဘယ်သူ့မျက်နှာမှ ကြည့်မှာ မဟုတ်ပါဘူး။ သိပ်မကြာခင် စတင်မယ်” ဟု ၎င်းကဆိုသည်။


ယင်းသို့ ပြိုင်ကားများ စတင်စုဝေးသည့် နေရာများကို သတင်းရယူ ဖမ်းဆီးမည့် အဖွဲ့အတွင်း ယာဉ်ထိန်းရဲများ၊ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ ပါဝင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။


ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဦးထောင်ဘို အဝိုင်းအနီး ညဥ့်နက်ပိုင်းတွင် ပြိုင်ကား မောင်းနှင်မှုများ ပြုလုပ်လျက် ရှိသော်လည်း အရေးယူ ဖမ်းဆီးမှုများကို ကြားသိရခြင်း မရှိကြောင်း ဗဟန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြောကြားသည်။


“မနက် ၂ နာရီကနေ ၄ နာရီအတွင်း ပြိုင်ကားတွေ အပြိုင်အဆိုင် မောင်းတဲ့ပြိုင်ပွဲတွေ လုပ်နေတာတွေ ရှိတယ်။ ဒီကားတွေဟာ ရဲတွေကို မြင်ရင် ပိုပြီးတော့တောင် အရှိန်အဟုန် မြှင့်ပြီး မောင်းနှင်ပြတာတွေ ရှိနေပါတယ်။ ဒါဟာ တရားဥပဒေ စိုးမိုးမှုကို မထီမဲ့မြင် လုပ်နေတာပါ” ဟု ၎င်းကဆိုသည်။


ရန်ကုန်မြို့တော်အတွင်း ညဥ့်နက်ပိုင်းတွင် ပြိုင်ကား အရှိန်မြှင့် မောင်းနှင်မှု များကြောင့် အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးမှုများ ရှိနေကြောင်း၊ သို့သော်လည်း တိုင်းဒေသကြီး အစိုးရ၏ အရေးယူမှု အားနည်းချက်ကြောင့် ပြိုင်ကား မောင်းနှင်မှုများ လျော့ကျခြင်း မရှိကြောင်း၊ ယင်းမှာ တရားဥပဒေ စိုးမိုးမှုကို မျက်ကွယ်ပြုခြင်း ဖြစ်နေကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက ထောက်ပြ ပြောဆိုထားသည်။


The Voice , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment