Pages

Pages - Menu

Wednesday, September 24, 2014

မော်လမြိုင်မြိှု့တွင် ဆရာမနှစ်ဦးကို သတိလစ်သည်အထိပြောဆိုခဲ့သည့် ကျောင်းအုပ်ကြီးကို ရာထူးမှ ပြောင်းရွှေ့

RangonNewsDaily:: September . 24 .2014
မော်လမြိုင် အထက်တန်းကျောင်းတွင် အလယ်တန်း အင်္ဂလိပ်စာပြ ဆရာမနှစ်ဦး သတိလစ်မေ့မြောသည်အထိ ပြင်းထန်စွာပြောဆိုမှုများနှင့် ဖိအားများ ပြုလုပ်ခဲ့သည်ဟုဆိုသော ကျောင်းအုပ်ဆရာမကြီးအား အထက်တန်း ကျောင်းအုပ်ရာထူးမှ အလယ်တန်း ကျောင်းအုပ်ရာထူးသို့ ပြောင်းရွှေ့ခန့်ထားလိုက်ကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။
“ကျွန်တော်တို့ ဒီကိစ္စကိုလည်း အားလုံးပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်လို့ရအောင် အသိပေးထားတာ တွေရှိပါတယ်။ ကျွန်တော်တို့ရုံးကိုတော့ ပြန်တမ်းတစ်ခုပဲရောက်လာတာရှိပါတယ်။ အမိန့်အရလို့တော့ ပါလာ တယ်။ ဘာကြောင့်လဲတော့ပါမလာဘူး။”ဟု မွန်ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူး ဦးမျိုးတင့်အောင်က ပြောသည်။
အဆိုပါ ကျောင်းအုပ်ဆရာမကြီးအား ပညာရေးဌာနမှ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် ပညာရေးဝန်ကြီးဌာန ၀န်ကြီးရုံးမှ ၂၀၁၄ ခုနှစ် စက်တင်ဘာ (၁၇)ရက်စွဲပါ ပြန်တမ်းတစ်စောင်ထုတ်ပြန်ခဲ့ပြီး သံဖြူဇရပ် မြို့နယ် ၀ါခရု အခြေခံပညာ အလယ်တန်းကျောင်းသို့ ရာထူးလျှော့ချခန့်ထားခဲ့ခြင်းဖြစ်သည်။
::
ဇူလိုင် (၃၀)ရက်နေ့က မော်လမြိုင် အမှတ် (၁)အခြေခံပညာကျောင်းမှ အလယ်တန်းဆရာမများ ဖြစ်ကြသော ဒေါ်ခင်နုဆွေ နှင့် ဒေါ်သီသီမြင့်တို့နှင့်အတူ အခြားသော ဆရာဆရာမများကို အစည်းဝေးခန်းထဲ၌ ကျောင်းအုပ် ဆရာမကြီး ဒေါ်မိမိကြည်က အင်္ဂလိပ်စာမေးခွန်းထုတ်သည့်ကိစ္စနှင့် ပတ်သက်၍ ပြင်းထန်စွာပြောဆိုမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပြစ်တင် ပြောဆိုမှုများပြုလုပ်ခဲ့သဖြင့် နှလုံးရောဂါအခံရှိသော ဆရာမနှစ်ဦးမှာ သတိလစ်သွားခဲ့ပြီး အရေးပေါ် ဆေးရုံတင်လိုက်ရသည်အထိ ဖြစ်ပွားခဲ့ကြောင်း ဆရာ၊ ဆရာမများ၏ ပြောဆိုချက်အရ သိရသည်။
::
ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိကြည်ကမူ ၎င်းအနေဖြင့် ရင့်သီးသော စကားလုံးများကို မပြောဆိုခဲ့ကြောင်း သြဂုတ်(၈)ရက်နေ့က မြန်မာပြည်တောင်ပိုင်းဂျာနယ်လစ်ကွန်ရက်ရုံးခန်း၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
“လုပ်ခဲ့တာတွေမှန်ပေမဲ့ အခုလို ပြောင်းလိုက်ရတာ စိတ်မကောင်းဘူး။ ဘာပဲပြောပြော တစ်ယောက်နဲ့ တစ် ယောက်ကြားမှာ နားလည်မှုတွေလွဲကြတာကစပြီးဖြစ်ခဲ့တာပါ။ ခုလိုတွေ ဖြစ်သွားတော့လည်း မကောင်း ဘူးပေါ့။”ဟု မော်လမြိုင် အမှတ် (၁) ကျောင်း၌ တာဝန်ထမ်းဆောင်နေသည့် အမည်မဖော်လိုသူ ဆရာမ တစ်ဦးက ပြောသည်။
::
ကျောင်းအုပ်ဆရာမကြီးနှင့် ပတ်သက်၍ ပြန်တမ်းတွင် ပြောင်းရွှေ့ကြောင်း ဖော်ပြထားသော်လည်း မည် သည့် အကြောင်းပြချက်ကြောင့် ယခုကဲ့သို့ ထုတ်ပြန်ရခြင်းဖြစ်ကြောင်းကိုမူ ဖော်ပြထားခြင်းမရှိကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးမှ သိရှိရသည်။

Shwe Myitmakha Media ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment