Pages

Pages - Menu

Thursday, September 25, 2014

သေနတ်ပစ်မှုကြောင့် သေဆုံးခဲ့သည့် ကေအင်န်ယူ တပ်သားအတွက် အထူးကော်မရှင်ဖွဲ့စုံစမ်းမည်


RangonNewsDaily:: September . 25 .2014
စံခလပူရီ (မဇ္ဈိမ)။ ။ ကရင် နယ်ခြားစောင့်တပ်ရင်း (BGF) ၏ လက်ချက်ကြောင့် သေဆုံးသည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) ဘက်က စွပ်စွဲ ပြောဆိုထားသော KNU ရဲဘော်၏ သေဆုံးမှုကို စုံစမ်းရန် အထူးစုံစမ်းစစ်ဆေးရေး ကော်မရှင်ကို စက်တင်ဘာ ၂၃ ရက်၌ ဖွဲ့စည်းလိုက်သည်ဟု BGF မှ ဗိုလ်မှူးကြီးစောချစ်သူ၏ ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်က မဇ္ဈိမကို အတည်ပြုပြောကြားခဲ့သည်။
ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်မြိုင်တွင်ပြုလုပ်သည့် နယ်ခြားစောင့်တပ် လေးနှစ်မြောက် အခမ်းအနားတွင် လုံခြုံရေးယူထားသော တပ်ဖွဲ့များကို သြဂုတ် ၂၁ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - နန်းလွင်နှင်းပွင့်၊ မဇ္ဈိမ)

သေဆုံးခဲ့သည့် KNU ရဲဘော်သည် KNU တပ်မဟာ (၆) KNU/KNLA ဌာနချုပ် အထူးစစ်ကြောင်းမှူး ဗိုလ်ကြီး လမင်း၏ ရဲဘော်စောတာနိုဖြစ်ကာ အသက် ၂၃ နှစ်ရှိပြီး နယ်ခြားစောင့် တပ်ရင်း အမှတ် (၁၀၂၂) က ဖမ်းဆီးခေါ်ယူခဲ့ပြီးနောက် ယခုကဲ့သို့ အသတ်ခံခဲ့ ရကြောင်း KNU ဘက်ကယူဆထားသည်။

ရဲဘော် စောတာနို၏ အလောင်းကို စက်တင်ဘာ ၂၂ ရက်တွင် သောင်ရင်းမြစ်နံဘေးရှိ သံတံတားအနီး၌ တွေ့ရှိခဲ့ပြီး သေနတ်ဒဏ်ရာများ အပါအဝင် အခြားဒဏ်ရာများနှင့် သေဆုံးခဲ့သည်။

အထူးအရေးပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ကရင်နယ်ခြားစောင့် တပ်ရင်းများ၏ ဗဟိုကွပ်ကဲရေးအကြံပေး နှစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီးထွန်းလှိုင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဗိုလ်မှူး ကြီး စောဖားနွီးက ဒု-ဥက္ကဋ္ဌ နှင့် ကရင် နယ်ခြားစောင့်တပ် အမှတ်(၃) တပ်နယ်မှူး ဗိုလ်မှူးကြီးစောချစ်သူ အထွေထွေအတွင်းရေးမှူးတို့ အဖြစ်ပါဝင်၍ စက်တင်ဘာ ၂၃ ရက်တွင် ဖွဲ့စည်းခဲ့သည်ဟု ဗိုလ်မှူးနိုင်မောင်ဇော်က ဆိုသည်။

ယင်းအပြင် မြေပြင်အချက်အလက်များ ကောက်ယူစိစစ်ရေးအတွက် လုပ်ငန်းအကောင် အထည်ဖော်အဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီး အဆိုပါမြေပြင် အဖွဲ့၌ပါဝင်သည့်သူများကိုမူ လျှို့ဝှက်ချက်အရ ထုတ်ဖော်ပြော ဆိုနိုင်ခြင်းမရှိဟု ဗိုလ်မှူး နိုင်မောင်ဇော်က ဆိုသည်။

အမှုမှန်ပေါ်ရေးအတွက် မိမိတို့ BGF ဘက်က အဆောတလျင်ကိုင်တွယ် ဖော်ထုတ်နေသည်ဟုလည်း KNU ဥက္ကဋ္ဌ စောမူတူးဆေးဖိုး၏ လုံခြုံရေးအရာရှိ ဗိုလ်မှူးရန်နိုင်မှတစ်ဆင့် အသိပေးထားသည်ဟု ဗိုလ်မှူး နိုင်မော်ဇော်က ပြောသည်။

ယင်းကဲ့သို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ အမှုမှန်ပေါ်ရန် BGF ၏ ကြိုးပမ်းမှုကို ကြိုဆိုကာ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရှာဖွေတွေ့ရှိချက်အပေါ်တွင် အခြေခံ၍ ပြဿနာကို ဖြေရှင်းသွားမည်ဟုလည်း KNU တွဲဖက် အထွေထွေ အတွင်းရေးမှူး(၁) ပဒိုသောသီက မဇ္ဈိမကို ပြောသည်။

Mizzima , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment