Pages

Pages - Menu

Sunday, August 3, 2014

ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်တရားရုံးတွင် ကိုထင်ကျော်ကိုရုံးထုတ်စဉ် ရုန်းရင်းဆန်ခတ်ဖြစ် ပွားပြီး ကိုထင်ကျော်အား ပုဒ်မ ၅၀၅ (ခ) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ် ချမှတ်


 (သြဂုတ် ၁ ရက်က ကိုထင်ကျော်အားရုံးထုတ်စဉ် တရားရုံး၌လဲလျောင်း၍ သပိတ်မှောက် ဆန္ဒပြသောကြောင့် တာဝန်ရှိသူများ ခေါ်ဆောင်လာစဉ်)
RangonNewsDaily:: August . 3 .2014
၂၀၁၄ ခုနှစ် ဧပြီ ၂၆ ရက်တွင် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် ပြည်ထောင်စုအစိုးရအား အယုံအကြည်မရှိကြောင်း ဆန္ဒထုတ်ဖော်ကာ လက်ကမ်းစာစောင်ဝေခဲ့သော ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု(MDCF)အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို သြဂုတ် ၁ ရက်တွင် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။ပြီးခဲ့သည့် ဧပြီ ၂၆ ရက် နံနက်ပိုင်းခန့်တွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၇၁)ရပ်ကွက်တွင် ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု (MDCF)အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်သည် ပြည်ထောင်
စုအစိုးရအား အယုံအကြည်မရှိကြောင်း ပြည်သူသာလျှင် အရှင်သခင်ဖြစ်ကြောင်းကို ဆန္ဒပြ ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်ဝေငှမှုဖြင့် ၎င်းအား ဒဂုံမြို့သစ်တောင်ပိုင်း မြို့မရဲစခန်းမှ အမှုဖွင့်ကာ တရားစွဲဆိုခဲ့ကြောင်း သိရသည်။

အဆိုပါရုံးချိန်းတွင် အင်းစိန်ထောင်မှ ကိုထင်ကျော်ကို ခေါ်ဆောင်လာခဲ့ပြီး ဒဂုံမြို့သစ် တောင်ပိုင်းတရားရုံးတွင် ရုံးထုတ်ရာတွင် ကိုထင်ကျော်သည် တရားရုံးကို လဲလျောင်းသပိတ်မှောက်ကာ ဆန္ဒပြခဲ့သည်။ အဆိုပါသပိတ်မှောက် ဆန္ဒပြရာတွင် ကိုထင်ကျော်အား ရဲတပ်ဖွဲ့ဝင်များက ထိန်းသိမ်းထားခဲ့ရကြောင်းလည်း သိရသည်။
::
“ကိုထင်ကျော်ကိုခေါ်လာတဲ့ကားက တရားရုံးအတွင်းထိ မောင်းလာတယ်။ ကိုထင်ကျော်ထွက်လာတော့ သူကလဲလျောင်းပြီး တရားရုံးကို သပိတ်မှောက်ကာ သူပြောချင်တဲ့ ဆန္ဒတွေကို ပြောတယ်။ အဲဒီမှာ ရဲတွေအများကြီးက သူ့ကို ခြေထောက်ကမသူကမ၊ လက်ကမသူကမပြီးတော့ အချုပ်ခန်းထဲမှာ ထိန်းသိမ်းထားတယ်။

အဲဒီလိုမြင်ကွင်းမျိုးနဲ့ ကိုထင်ကျော်ကိုမြင်ရတာ ကျွန်တော်လည်း စိတ်မကောင်းဖြစ်ရတယ်။ ရဲတွေကလည်း တာဝန်အရ ပြဿနာပိုမကြီးအောင် ခုလိုဆောင်ရွက်ရခြင်း ဖြစ်တယ်လို့လည်း ပြောပါတယ်။
::
အမှန်တကယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ပြေပြေလည်လည် ဖြစ်သင့်ပါတယ်” ဟု အဆိုပါရုံးချိန်းသို့ လာရောက်သူ လူမှုဖွံ့ဖြိုးရေးကွန်ရက်မှ ဦးနေမျိုးဇင်က ဆိုသည်။

ကိုထင်ကျော်ကို ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်တရားရုံးမှ ရုံးချိန်းကိုးချိန်းမြောက်ချိန်းဆိုကာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် ယခုလို ထောင်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
::
(MDCF)အဖွဲ့မှ အမည်မဖော်လိုသူ တစ်ဦးကလည်း “ခုလိုမျိုး သူ့ကို အတင်းဆွဲမ၊ ဆွဲထူတာမျိုး မဖြစ်သင့်ပါဘူး။ အဲ့ဒါကြောင့် ရဲတွေကို အဲ့လိုမလုပ်ပါနဲ့လို့ ကျွန်တော်တို့က အော်ပြောရင်း နည်းနည်းလေး ရုန်းရင်းဆန်ခတ်ဖြစ်ရတာပါ။ ပြီးတော့ ချက်ချင်းပြန်ပြီးတော့ အခြေအနေကောင်းသွားပါတယ်” ဟုဆိုသည်။

ကိုထင်ကျော်အား ဇူလိုင် ၂၁ ရက်ကလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (ခ)ဖြင့် ဒဂုံမြို့သစ်အရှေ့ပိုင်းနှင့် မြောက်ပိုင်းမြို့နယ် တရားရုံးတို့မှ ထောင်ဒဏ်တစ်နှစ်စီ ချမှတ်ပြီးဖြစ်ကြောင်းလည်း သိရသည်။
::
Eleven Media ::--KOLATT(PBDN)
RangonNewsDaily
 
 

No comments:

Post a Comment